အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီဓာတ်

ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေအများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အအေးမိတုပ်ကွေး ပျောက်ကင်းအောင် ကုသဖို့ ဗီတာမင်စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင်စီဓာတ်ဟာ အအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။

 

ဗီတာမင်စီ အကြောင်း တစ်စေ့တစ်စောင်း

 

ဗီတာမင် စီ ဆိုတာ အလွယ်ပြောရမယ်ဆိုရင် သစ်သီးတွေမှာ တွေ့ရတဲ့ အချဉ်ဓာတ်အက်စစ်ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓာတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရရေကိုလည်း လှပစေတယ်။ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီသီးတွေမှာ အများအပြားတွေ့ရတတ်ပါတယ်။ ဆေးဝါး သို့မဟုတ် ဝါးစားလို့ရတဲ့ ဆေးပြားအနေနဲ့လည်း ဗီတာမင် စီ ကို သောက်သုံးကြပါတယ်။

 

ဗီတာမင်စီဟာ အအေးမိတုပ်ကွေးကို ကာကွယ်ပေးနိုင်လား။ ပျောက်ကင်းစေလား။

 

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာစမ်းသပ်ကြည့်တဲ့အခါမှာ ဗီတာမင်စီ ဓာတ်ဟာ အအေးမိတုပ်ကွေး မဖြစ်အောင် ကာကွယ်ပေးနိုင်မှု၊ ဖြစ်လာရင်လည်း ရောဂါဝေဒနာကို ပျောက်ကင်းစေမှုအပေါ်မှာ သိပ်ပြီးသက်ရောက်မှု မရှိတာကို တွေ့ရှိခဲ့ပါတယ်။

 

တိုက်ရိုက်တော့ မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး အာနိသင်သက်ရောက်စေတာမျိုးတော့ ရှိပါတယ်။ ဥပမာ – ဗီတာမင် စီဓာတ်သည် ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံအားစနစ်သည် ပြင်ပကနေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါပိုးမှန်သမျှ လူတွေကို ဒုက္ခမပေးနိုင်အောင် ခုခံတားဆီးပေးတဲ့ ခံစစ်တစ်မျိုးပါ။ ဒီတော့ ကိုယ်ခံအားကောင်းနေတဲ့အခါ အအေးမိတုပ်ကွေး ဖြစ်နိုင်ခြေကို လျှော့ချပေးတာမျိုး၊ ဖျားနာနေစဉ်မှာ ကိုယ်ခံအားစနစ်ကို ကောင်းစေလို့ ကိုယ်ထဲကရောဂါပိုးတွေကို လျင်မြန်စွာ တိုက်ထုတ်နိုင်တာမျိုးတော့ လုပ်ပေးနိုင်ပါတယ်။ ဗီတာမင် စီကြောင့် အအေးမိတုပ်ကွေး ပျောက်တာမျိုး မဟုတ်ဘဲ၊ ကိုယ်ခံအားစနစ်ကြောင့်သာ အအေးမိတုပ်ကွေး လျင်မြန်စွာ ပျောက်ကင်းနိုင်မှာပါ။

 

အအေးမိနေစဉ် ဗီတာမင်စီကို သောက်ရင် ဆိုးကျိုးတွေရှိလား။

 

ပုံမှန်အားဖြင့်တော့ ဗီတာမင်စီကို အစာအာဟာရကနေ အများဆုံးရသလို ဆေးဝါး၊ ဖြည့်စွက်စာကနေလည်း ရနိုင်ပါတယ်။ ဗီတာမင် စီ အတွက် ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ စုပ်ယူနိုင်စွမ်းပမာဏသည်လည်း မြင့်တဲ့အတွက် ပုံမှန်ဗီတာမင် စီအားဆေး သောက်ပေးလို့ ကြီးကြီးမားမား ဆိုးကျိုးဖြစ်စေတာမျိုးတော့ မရှိပါဘူး။

 

အားဆေးထက်စာရင် ဗီတာမင် စီ ပေါကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အဓိက စားပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ အမျိုးသားတွေအတွက် တစ်နေ့တာ သောက်သုံးသင့် တဲ့ ဗီတာမင် စီ ပမာဏက 90 mg ဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ 75 mg ပါ။ နေ့စဉ် ဗီတာမင် စီ ကို 2000 mg ထက် ပိုများပြီး သောက်ရင်တော့ ကျောက်ကပ်မှာ ကျောက်တည်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နိုင်ပါတယ်။

 

အအေးမိ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင်တော့ ဗီတာမင် စီ သောက်ဖို့ သင့်၊ မသင့်ကို ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူနာမှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိရင် ဆရာဝန်အနေနဲ့ အားဆေးသောက်ရန် ကန့်ကွက်မှာတော့ မဟုတ်ပါဘူး။ အဓိက အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတွေ ပေးတဲ့အခါ ဆရာဝန်ရဲ့ ဆေးညွှန်းအတိုင်း သေချာသောက်ပေးပါ။ အိပ်ချိန်ကို များများအိပ်စက်အနားယူပေးပါ။ အားအင်ကုန်ခမ်းစေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုး၊ အလုပ်လုပ်တာကို ရှောင်ပါ။ ရေများများသောက်ပေးပါ။ အရည်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်မျိုးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn ၊ ရေးသားသူ Ye Myo Myat

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”