အအေးဒဏ်ကြားမှာ လူကြီးမိဘတွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု

၃၀ ဇန်နဝါရီ

 

ဘယ်လောက်ပဲ ကျန်းမာနေပါစေ လူကြီးမိဘတွေရဲ့အရွယ်ဆိုတာ လူငယ်တွေထက် ခံနိုင်ရည် အားနည်းတတ်တာ သဘာဝတရားတစ်ခုပါပဲ။ လူကြီးလူငယ်မရွေး နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ မကင်းကြတဲ့ ဒီခေတ်မှာ နဂိုရောဂါအခံရှိနေတဲ့လူကြီးတွေဆို ပိုလို့တောင် ဆိုးရောပေါ့။

 

ရာသီဥတုက ရုတ်တရက် အအေးပိုလာတဲ့အခါမျိုးဆို လူကြီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းလွယ်တတ်လို့ ပိုပြီးသတိထားရပါတယ်။ ပူလွန်းလည်းမခံနိုင်၊ အေးလွန်းလည်းမရ၊ အပူနဲ့အအေး ရာသီဥတုအပြောင်းအလဲတွေမှာ ရှော့ခ်တက်တာ ကလေးလေးတွေအတိုင်းပါပဲ။

 

ဒီအန္တရာယ်တွေ စိတ်ပူရပါတယ်

 

အခုလို အအေးပိုလာတဲ့အချိန် လူကြီးတွေမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိလို့ ကြိုတင်ကာကွယ်၊ စောင့်ရှောက်ပေးရမှာ လူငယ်တွေရဲ့တာဝန်ပါ။ အဲဒီထဲကမှ အအေးဒဏ်ကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးအန္တရာယ် (၆) ခုကို သတိပေးလိုက်ပါရစေ –

 

(၁) နှလုံးရုတ်တရက်ဖောက်ခြင်း

 

ရာသီဥတု အအေးလွန်ကဲတဲ့အခါ သွေးပေါင်ချိန်ပိုတိုးစေနိုင်ပြီး နှလုံးခုန်နှုန်းကို မြန်စေနိုင်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးနိုင်ဖို့ နှလုံးက ပိုအလုပ်လုပ်ရပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ သွေးကြောပိတ်ဆို့မှုအန္တရာယ်ပိုများလို့ နှလုံးရုတ်တရက်ဖောက်တာ၊ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအခံ ပိုဆိုးစေတာတွေ ဖြစ်လာနိုင်ပါတယ်။

 

(၂) လေဖြတ်ခြင်း

 

ဆေးလိပ်၊ အရက်သောက်တတ်တဲ့သူ ဖေဖေ၊ ဘိုးဘိုးတို့၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ မေမေ၊ ဖွားဖွားတို့၊ သွေးတိုးနဲ့ဆီးချိုရှိတဲ့ လူကြီးမိဘတွေ၊ ကိုယ်အလေးချိန်များနေတဲ့သူတွေ၊ သွေးတွင်းကိုလက်စထရောများနေတဲ့သူတွေ၊ စိတ်ဖိစီးမှုများနေတဲ့သူတွေမှာ လေဖြတ်အန္တရာယ် စိုးရိမ်ရပါတယ်။

 

(၃) အအေးမိ၊ တုပ်ကွေး

 

လူကြီးတွေက အအေးမိ၊ တုပ်ကွေးတွေ ဖြစ်လွယ်၊ ကူးစက်ခံရလွယ်တယ်ဆိုပေမယ့် အသက် ၆၀ အထက်ရှိသူတွေမှာ ဒါတွေဖြစ်ခဲ့ရင် သူများထက် ပိုပြင်းထန်တယ်၊ ရောဂါဒဏ်ပိုခံရတယ်၊ နောက်ဆက်တွဲ ပြဿနာပိုများတယ်၊ အန္တရာယ်ရှိနိုင်တယ်။ ဒါ့ကြောင့် လူကြီးတွေကို ရောဂါကာကွယ်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင် အစားအသောက်၊ အနေအထိုင်ဂရုစိုက်ပေးရပါမယ်။

 

(၄) ကိုယ်အပူချိန်လွန်လွန်ကဲကဲကျဆင်းခြင်း (Hypothermia)

 

ရာသီဥတုအေးတဲ့အခါ အသက်ကြီးတဲ့သူတွေမှာ ကိုယ်အပူချိန်ထိုးကျတာ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာရင် –

 

‌ခြေဖျားလက်ဖျားတွေ အေးစက်လာတာ

မျက်နှာ အမ်းလာတာ၊

အသားအရေ ဖြူဖျော့လာတာ၊

ခိုက်ခိုက်တုန်လာတာ၊

ပုံမှန်ထက် စကားပြောနှေးလာတာ၊ ဗလုံးဗထွေးပြောလာတာ၊

အိပ်ငိုက်လာတာ

စိတ်တိုလွယ်၊ အာရုံရှုပ်ထွေးလာတာ စတဲ့ အစောပိုင်းလက္ခဏာတွေကို သတိထားမိတာနဲ့ အမြန်ဆုံး နွေးထွေးအောင်လုပ်ပေးပါ၊ ပူပူနွေးနွေးလေးတစ်ခုခုတိုက်ပါ၊ မသက်သာရင် ဆရာဝန်အမြန်ဆုံး ပြသင့်ပါတယ်။

 

(၅) အဆစ်အမြစ်နာကျင်ကိုက်ခဲမှု

 

ဟိုနားကနာ၊ ဒီနားက ကိုက်ခဲနေရတဲ့ လူကြီးတွေရဲ့ အဆစ်အမြစ်မကောင်းတဲ့ဒုက္ခက ရာသီဥတုအေးရင် ပိုဆိုးလာတတ်ပါတယ်။ နွေးထွေးအောင်ဝတ်စားပြီး ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ပါ။ အရိုးအဆစ်တွေ ဆိုတာ မလှုပ်ရင် ပိုပြီး တောင့်တင်းပြီး နာကျင်ကိုက်ခဲနိုင်လို့ပါ။

 

(၆) အသက်ရှူလမ်းကြောင်းရောဂါတွေ

 

ရင်ကျပ်တာ၊ အဆုတ်ရောင်နမိုးနီးယားဖြစ်တာ၊ လေပြွန်ရောင်တာ အပါအဝင် အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေလည်း အေးတဲ့ရာသီမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာ ဖြစ်တဲ့အခါ အသက်အရွယ်အတိုင်းအတာ၊ ကိုယ်ခံအားစနစ်တို့ကိုမူတည်ပြီး ပိုပြင်းထန်တတ်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။

 

လူကြီးမိဘတွေ ကိုယ်တိုင်က ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ရလောက်အောင် မလွယ်လှပါဘူး။ သတိမေ့လွယ်၊ အမှုမဲ့အမှတ်မဲ့ဖြစ်လွယ်တတ်တဲ့အရွယ်တွေမို့ ဒီတိုင်းလွှတ်မထားသင့်ပါဘူး။ သူတို့တွေရဲ့ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ ကိုယ်တွေက သတိပေး၊ ပြုစုပေး၊ အကြံပေးရမှာ ဖြစ်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”