အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့မှ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းဆွေးနွေးပွဲ ကျင်းပပြီးစီး

ရန်ကုန် ၆ မတ်

 

အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့နှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းဆွေးနွေးပွဲ (National Workshop on Financial Management & Controls) နောက်ဆုံးနေ့အဖြစ် မတ်လ (၅)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမတွင် ကျင်းပရာ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ အုပ်ချုပ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Thian Hoon-boon နှင့် အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr.Hoo Chuan Yang နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ဒုတိယ ကင်းထောက်ချုပ် ဦးသာစိန်နှင့် မြန်မာနိုင်ငံ ကင်းထောက်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများမှ ကိုယ်စားပြု ပညာရေးအရာရှိများ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက်ကြီးများ၊ တက္ကသိုလ် အသီးသီးမှ ရိုဗာ ကင်းထောက်ခေါင်းဆောင်များ (၃၅)ဦး တက်ရောက်ကြသည်။

 

mdn

 

ယင်းလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပပြီးစီးမှုအဖြစ် ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ယခု ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တွင် အထူးလိုအပ်လျက်ရှိသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ငွေကြေးကြီးကြပ် ထိန်းသိမ်းမှုအတွက် အာရှပစိဖိတ်ဒေသမှ အတွေ့အကြုံပြည့်ဝသည့် နိုင်ငံတကာ ကင်းထောက် ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ဆွေးနွေးခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိကြောင်း၊ လုပ်ငန်းဆွေးနွေး အတွေ့အကြုံများကို အခြေပြုလျက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ဘဏ္ဍာငွေရှာဖွေခြင်း၊ ကမ္ဘာ့ကင်းထောက်အဖွဲ့က ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ အကောင်အထည်ဖော်လာနိုင်မည်ဖြစ်ပြီး အများအကျိုးပြု ကင်းထောက်အဖွဲ့ကြီး ရေရှည်တည်တံ့နိုင်ရေး ကြိုးပမ်းသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ ဘဏ္ဍာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr.Hoo Chuan Yang က ဆွေးနွေးပွဲ တက်ရောက်သူများ၏ ကြိုးစားလေ့လာပါဝင်မှုကြောင့် လုပ်ငန်းဆွေးနွေးပွဲ ရလဒ်ကောင်းများ ရခဲ့ကြောင်း၊ ကမ္ဘာ့ကင်းထောက်အဖွဲ့က သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း အဆင့်လိုက် အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာကင်းထောက်အဖွဲ့ ပိုမိုအောင်မြင် လာနိုင်မည်ဖြစ်ကြောင်း၊ နောက်ထပ် လိုအပ်ချက်များ ဖြစ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။

           

ယင်းနောက် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နှင့် အာရှနှင့် ပစိဖိတ်ဒေသ အထောက်အကူပြုဌာနနှင့် အာရှနှင့် ပစိဖိတ်ဒေသ ကင်းထောက် ဘဏ္ဍာရေး ကော်မတီဝင်များက လုပ်ငန်းဆွေးနွေးပွဲ တက်ရောက်သူများ တာဝန်ရှိသူများအား အသိအမှတ်ပြုလွှာများ ပေးအပ်ကြကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ သိရသည်။

 

MDN