အာရှနိုင်ငံတချို့ ကိုဗစ် -၁၉ ကူးစက်မှုများပြားလာခြင်းက ဒေသတွင်းစီးပွားရေးနာလန်ထူမှုကို ခြိမ်းခြောက်လာနိုင်

၂၈  ဒီဇင်ဘာ

တစ်ကမ္ဘာလုံးအနှံ့ ကိုဗစ်-၁၉ ရောဂါကို ဆိုးဆိုးရွားရွားခံစားနေရစဉ် အာရှဒေသမှာတော့ တခြားနေရာတွေထက်စာရင် ထိန်းချုပ်မှုအတော်အသင့်ကောင်းမွန်တဲ့အတွက် လာမယ့်နှစ်မှာတော့ အာရှဟာ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ရာ အကျိုးအမြတ်ဖြစ်ထွန်းမယ့်နေရာလို့ ရင်းနှီးမြှုပ်နှံသူအများစုက ခန့်မှန်းခဲ့ကြပါတယ်။

ခြိမ်းခြောက်လာနိုင်

ဒါပေမယ့်လည်း အာရှက တချို့သောဒေသတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တစ်ကျော့ပြန်များပြားလာတာမို့ ဒေသတွင်းစီးပွားရေးအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ တချို့သော သုတေသီတွေက သတိပေးပြောကြားလာပါတယ်။ အာရှဒေသရဲ့ အစိတ်အပိုင်းတချို့မှာ နေ့စဉ်ကူးစက်မှုတွေကတော့ ဥရောပနဲ့ အမေရိကန်တို့ရဲ့ နေ့စဉ်ကူးစက်မှုနဲ့ယှဉ်ရင် နည်းနေသေး တာကို တွေ့မြင်နိုင်ပါတယ်။ အာရှဒေသက တချို့သော နိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ကူးစက်မှု တစ်ကျော့ပြန်များပြားလာမှုကို နှိမ်နင်းနိုင်ရေးကြိုးပမ်းနေရပါပြီ။

ဂျပန်နိုင်ငံရဲ့ နေ့စဉ်ကူးစက်မှုနှုန်း

ဂျပန်နိုင်ငံမှာတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းဟာ နိုဝင်ဘာလလယ်ကစလို့ ပြန်လည်များပြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းဟာ ၃၀၀၀ ကျော်လာတယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်မှာ ကပ်ရောဂါကြောင့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေက သတိပေးလာပါတယ်။ ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ် ဆူဂါယိုရှီဟီဒဲကတော့ နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာခြင်းကို ရှောင်ရှား ခဲ့ပါတယ်။

ပြည်ပခရီးသွားတွေ လက်မခံတော့

ဒါပေမယ့်လည်း ကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာ ခရီးသွားလာမှုကို ထောက်ပံ့ပေးတဲ့ အစီအစဉ်ကိုတော့ ရပ်နားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုဆိုရင် ဗီဇပြောင်း ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ဂျပန်ဟာ ပြည်ပကလာမယ့် ဘယ်ခရီးသွားကိုမှလက်မခံတော့ပါဘူး။ ဒေသခံမဟုတ်တဲ့နိုင်ငံခြားသားတွေ ဝင်ရောက်မှုကို ဆိုင်းငံ့ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ အဲဒီဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၈ ရက်ကနေဇန်နဝါရီ ၃၁ ရက်အထိ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။ ပြည်ပနိုင်ငံကနေ ပြန်လာမယ့် ဂျပန်နိုင်ငံသားတွေ အတွက်ကတော့ ကိုဗစ်-၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ပြသဖို့ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံသို့ မဝင်ရောက်မီ ၇၂ နာရီအတွင်း ဆေးစစ်ထားတဲ့ဆေးလက်မှတ်ကို ပြသရမှာပဲ ဖြစ်ပါတယ်။ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေရှိနေတဲ့ ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတွေက ပြန်လာမယ့်သူတွေကိုလည်း အလားတူ ကန့်သတ်ချက်မျိုးတွေ ချမှတ်ထားပါတယ်။

တင်းကျပ်တဲ့ကန့်သတ်ချက်တွေ ပေါ်ပေါက်လာနိုင်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ Pantheon Macroeconomic မှ စီးပွားရေးပညာရှင်တွေကတော့ ဂျပန်နိုင်ငံရဲ့ လူမှုဝေးကွာအစီအစဉ်တွေဟာ ပျော့ပျောင်းလွန်းတဲ့အတွက် ထိရောက်တဲ့ဟန်မရှိဘူး။ ဒါကြောင့် လာမယ့်လတွေအတွင်းမှာ ပိုမိုတင်းကျပ်တဲ့ ကန့်သတ် ချက်တွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြ ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂၇ ရက်မှာတော့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု တွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ဆိုင်ဖွင့်ချိန်ကို လျှော့လိုက်ရတဲ့အတွက် နစ်နာကြေးတွေ၊ ထောက်ပံ့ကြေးတွေ ပေးသွားဖို့ အတွက်လည်း ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ဆိုင်ဖွင့်ချိန်ကာလကို လျှော့ချလိုက်ခြင်းအားဖြင့် ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချဖို့ ထိရောက်လိမ့်မယ်လို့ ယူဆကြောင်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်

ဆိုင်ဖွင့်ချိန်လျှော့ချဖို့ သဘောတူတဲ့ဆိုင်တွေကို ထောက်ပံ့ကြေးပေးသွားမှာဖြစ်ပြီး မလိုက်နာတဲ့ဆိုင်တွေကိုတော့ ပြစ်ဒဏ်တွေပေးသွားဖို့ အရာရှိတွေဟာ လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ လာမယ့်နှစ်အတွင်းမှာသာ ကန့်သတ်ချက်တွေ ပိုပြီးများပြား ပြင်းထန်လာမယ်ဆိုရင် ၂၀၂၁ ခုနှစ်ရဲ့ ပထမ သုံးလမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကိုဖိစီးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်း ပြောကြားခဲ့ကြပါတယ်။

တောင်ကိုရီးယားမှာလည်း ကူးစက်မှုများပြားလာ

ဂျပန်နိုင်ငံလိုပဲ တောင်ကိုရီးယားမှာလည်း ကူးစက်မှုတွေ ပြန်လည်များပြားလာတာကို တွေ့မြင်နေရပါတယ်။ တောင်ကိုရီးယားရဲ့ နေ့စဉ်ကူးစက်မှုနှုန်းဟာ မကြုံစဖူး များပြားတဲ့အနေအထားကို ရောက်ရှိလာပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့အချိန်ကစလို့နေ့စဉ်ကူးစက်မှုတွေ ၁၀၀၀ ကျော်လာတာကို တွေ့လာရပါတယ်။ ကိုဗစ် -၁၉ နောက်ထပ်လှိုင်းလုံးတွေကို ရပ်တန့်နိုင်ဖို့ အတွက် တောင်ကိုရီးယားအစိုးရဟာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်လာတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဒီဇင်ဘာ ၂ ရက်ကစလို့ တစ်နိုင်ငံလုံးအနှံ့လူငါးဦးထက် ပိုပြီး စုဝေးခွင့်မပြုဘူးဆိုပြီး တင်းကျပ်မှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

စီးပွားရေးမှာ ထိခိုက်မှုရှိခဲ့

နောက်ပြီးတော့ ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတွေဖြစ်တဲ့ နှင်းလျှောစီးတဲ့နေရာတွေနဲ့ ဆောင်းရာသီ အပန်းဖြေစခန်းတွေကို ပိတ်ထားဖို့ ယွန်ဟတ်သတင်း အေဂျင်စီမှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး တင်းကျပ်မှုတွေ လုပ်ဆောင်ခဲ့ရတဲ့အတွက် အခုနှစ်ရဲ့ နောက်ဆုံးသုံးလမှာ တောင်ကိုရီးယားစီးပွားရေးကို ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့ Pantheon Macroeconomics ကနေ ဖော်ပြခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ အခြေအနေ

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားမှာတော့ အောက်တိုဘာလအတွင်း ကူးစက်မှုတွေ ပြန်လည်များပြားမလာခင် အတော်လေးထိန်းချုပ်နိုင်ခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါပေမယ့်လည်း ကူးစက်မှုတွေ ပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့ နိုင်ငံရဲ့ တချို့နေရာတွေမှာ တစ်စိတ်တစ်ပိုင်း အသွားအလာကန့်သတ်မှုတွေ ပြန်လည်ချမှတ်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံ၏ စီးပွားရေး အလားအလာဒီနှစ်ရဲ့ နောက်ဆုံးသုံးလမှာတော့ တိုးတက်မှုတွေ နည်းပါးတဲ့ဘက်ကို ပြောင်းလဲသွားတယ်လို့ Capital Economics (အမှီအခိုကင်းသည့် စီးပွားရေးအကြံပေးသုတေသနအဖွဲ့)မှ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်-၁၉ ဒုတိယအကျော့ ရိုက်ခတ်မှုနဲ့ ကန့်သတ်ချက်တွေ ပြန်လည်ချမှတ်ရခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးတိုးတက်မှုမှာ ဆန့်ကျင်ဘက် အခြေအနေတွေ ဖြစ်လာရတာပါ။

အကြံပြုထား

စီးပွားရေးရဲ့ တခြားသောအပိုင်းတွေဖြစ်တဲ့ အထူးသဖြင့် ပြည်ပသို့တင်ပို့မှုအပိုင်းမှာ ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင်တွေက အကြံပြုထားပါတယ်။ ဒီလိုသာ လုပ်ဆောင်နိုင်မယ်ဆိုရင် ကိုဗစ်-၁၉ ဒုတိယအကျော့ကြောင့် စီးပွားရေးထိခိုက်မှုဟာ ပထမတစ်ကြိမ်တုန်းကထက် အများကြီး သက်သာရာ ရလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

ခြူးစန္ဒီနွေး

ကိုးကား - အင်န်အိတ်ချ်ကေ၊ စီအင်န်ဘီစီ