အာရှနိုင်ငံများ၌ ကိုဗစ်ရောဂါကာကွယ်တားဆီးရေး အစီအမံများတိုးမြှင့်လုပ်ဆောင်

ဒီဇင်ဘာ ၂၃

 

အာရှနိုင်ငံများတွင် ဒေသတွင်းအိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားလာသဖြင့် ကိုဗစ်ရောဂါကာကွယ် တားဆီးရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

 

အင်ဒိုနီးရှားနိုင်ငံတွင် အိုမီခရွန်ကူးစက်မှုကို ဒီဇင်ဘာ ၁၆ ရက်က ပထမဆုံးတွေ့ရှိခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်မှစတင်ကာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ ထိုကန့်သတ်ချက်များသည် ဇန်နဝါရီ ၂ ရက်နေ့အထိအကျိုးသက်ရောက်မှုရှိသည်ဟု သိရသည်။

 

ထိုအတောအတွင်း အားကစားနှင့်တေးဂီတဖျော်ဖြေပွဲများကို ပွဲကြည့်ပရိသတ်မပါပဲကျင်းပရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိရင်ပြင်များအားလုံးကို ဒီဇင်ဘာ ၃၁ မှ ဇန်နဝါရီ ၁ ရက်နေ့အထိပိတ်ထားမည်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်များကိုလည်း ကျင်းပခွင့်ပိတ်ပင်ထားသည်။

 

စင်ကာပူနိုင်ငံတွင် အမေရိကန်၊ ဗြိတိန်နှင့်မလေးရှားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀မှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသည့်ခရီးသွားများအား ကွာရန်တင်းဝင်ရန်မလိုပဲ ဝင်ရောက်ခွင့်ပြုခဲ့သည်။

 

သို့ရာတွင် ဒီဇင်ဘာ ၂၃ မှ ဇန်နဝါရီ ၂၀ အထိ စင်ကာပူနိုင်ငံအတွင်းသို့ ကွာရန်တင်းဝင်ရန် မလိုအပ်သော ခရီးသွားလာမှုအတွက် လေယာဉ်နှင့်ဘတ်စ်ကားလက်မှတ်များထပ်မံရောင်းချမှုကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ 

 

အိန္ဒိယနိုင်ငံတွင် ယနေ့အထိ အိုမီခရွန်ကူးစက်ခံရသူဦးရေ ၂၀၀ ကျော်ရှိသည်။ ကျန်းမာရေးဝန်ကြီးက လူစုလူဝေးများပြုလုပ်ခြင်း ကိုကန့်သတ်ထားခြင်း နှင့်ညမထွက်ရအမိန့်ချမှတ်ထားခြင်း ကဲ့သို့သော ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်သွားကြရန် ပြည်နယ်အစိုးရများအား မေတ္တာရပ်ခံခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို