အာရှဒေသမှာ မျောက်ကျောက်ရောဂါကြောင့် ပထမဆုံးသေဆုံးမှုဖြစ်လာတဲ့ အိန္ဒိယ

ကျော်ထက်

 

မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်း ကိုလည်း ကူးစက်ပြန့်ပွားစေတယ်လို့ ဆိုပါတယ်။ နေ့စဉ်နဲ့အမျှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ၊ သေဆုံးမှုတွေကို နည်းနည်းတစ်ဖုံ များများတစ်လှည့် အလူးအလဲခံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ရေကြီး ရေလျှံမှုကြောင့်လည်း သေဆုံးမှုတွေရှိသလို မျောက်ကျောက်ရောဂါကြောင့်လည်း သေဆုံးမှုရှိ လာပြီ ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံက မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်

မေ ၄ ရက်ကနေ ဩဂုတ် ၂ ရက်အထိ နိုင်ငံနဲ့ ဒေသပေါင်း  ၈၂  ခုမှာ  မျောက်ကျောက်ရောဂါ အတည်ပြု ကူးစက်ခံရသူပေါင်း  ၂၅၅၃၈  ဦးအထိရှိလာပြီလို့  နိုင်ငံတကာသတင်းရင်းမြစ် တွေမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ မျောက်ကျောက် ရောဂါကူးစက်ခံရတဲ့    အများဆုံးနိုင်ငံတွေအဖြစ် အမေရိကန်နိုင်ငံက ၆၃၂၆ ဦးနဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာ စပိန်နိုင်ငံက ၄၇၄၈ ဦး၊ ဂျာမနီနိုင်ငံ က ၂၇၈၁ ဦး၊ ဗြိတိန်နိုင်ငံက ၂၆၇၂ ဦး၊ ပြင်သစ်နိုင်ငံ က ၂၁၇၁ ဦး၊ ဘရာဇီးနိုင်ငံက ၁၄၇၆ ဦးနဲ့ နယ်သာ လန်နိုင်ငံက   ၉၂၅  ဦးနဲ့  အများဆုံးဖြစ်ပါတယ်။ လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကြောင့် သေဆုံးမှုဖြစ်တဲ့   နိုင်ငံအနေနဲ့   နိုင်ဂျီးရီးယားမှာ သုံးဦး၊  ဗဟို အာဖရိကမှာ  နှစ်ဦး၊  စပိန်မှာ  နှစ်ဦး၊ ဘရာဇီးမှာ တစ်ဦး၊ ဂါနာမှာ တစ်ဦး၊ အိန္ဒိယမှာ တစ်ဦး၊ ပီရူးမှာ တစ်ဦး   ပေါင်း  ၁၁  ဦး ရှိတယ်လို့ ဆိုပါတယ်။

 

အာဖရိကပြင်ပပထမဆုံးမျောက်ကျောက်ရောဂါကူးစက်ခံရမှု ဗြိတိန်၌ တွေ့ရှိ

အာဖရိကပြင်ပမှာ ပထမဆုံးမျောက်ကျောက် ရောဂါကူးစက်ခံရမှု တွေ့ရှိတဲ့နိုင်ငံက ဗြိတိန်နိုင်ငံ ဖြစ်ပြီး မေလ ၆ ရက်မှာ  စတင်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။   အမေရိကန်   ရောဂါထိန်းချုပ်ရေး နှင့်     ကာကွယ်ရေးစင်တာက   လူအများစုဟာ မျောက်ကျောက်ရောဂါ      ကူးစက်ခံရပြီးနောက်  ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည် ကောင်းမွန်လာကြတယ်လို့  ဆိုပါတယ်။ ဥရောပ ဒေသဟာ  လက်ရှိမှာ  ကမ္ဘာလုံးဆိုင်ရာ   မျောက် ကျောက် ရောဂါ ကူးစက်မှု၏ ဗဟိုချက် အဖြစ်ရှိနေပြီး ၂၀၂၂   ခုနှစ်မှာ   ကမ္ဘာတစ်ဝန်းအတည်ပြုထားတဲ့ ကူးစက်ခံရသူရဲ့    ၈၀  ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ရှစ်ဦးနဲ့ သေဆုံးသူ တစ်ဦးရှိလာ

မကြာသေးမီ သီတင်းပတ်အတွင်း စပိန်နိုင်ငံမှာ မျောက်ကျောက်ရောဂါနဲ့  ဆက်စပ်တဲ့ရောဂါ ကြောင့် သေဆုံးသူ နှစ်ဦးနဲ့ ဘရာဇီးနိုင်ငံမှာ သေဆုံးမှု တစ်ဦး ဖြစ်ပွားခဲ့တယ်လို့   ဖော်ပြထား ပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ မျောက်ကျောက် ရောဂါကူးစက်ခံရသူ ရှစ်ဦးနဲ့ သေဆုံးသူ တစ်ဦး ရှိလာတာကြောင့်    အစိုးရအနေနဲ့  ကာကွယ်ဆေးထုတ်လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မျောက်ကျောက်ရောဂါကြောင့် သေဆုံးမှုဟာ အာရှဒေသမှာ  ပထမဆုံးဖြစ်တယ်လို့  ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   ဇူလိုင် ၂၃ ရက်မှာ မျောက်ကျောက် ရောဂါဖြစ်ပွားမှုကို နိုင်ငံတကာ စိုးရိမ်ဖွယ်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေ အနေအဖြစ်  ထုတ်ပြန်ကြေညာထားတာ   ဖြစ်ပါတယ်။          

      

သီးသန့်ခွဲခြား စောင့်ကြပ်ကြည့်ရှုလျက်ရှိ

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ဟာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု  ငါးဦးနဲ့ အများဆုံးဖြစ်ပြီး ကျန်သုံးဦးမှာ မြို့တော်နယူးဒေလီမှ ဖြစ်တယ်လို့   သိရပါတယ်။   လက်ရှိမှာ တော့ ကျန်းမာရေးဝန်ထမ်း   သုံးဦး၊   ဆရာဝန်တစ်ဦးနဲ့ ပုဂ္ဂလိကဆေးရုံမှ     သူနာပြုနှစ်ဦး   အပါအဝင် အန္တရာယ်ရှိတဲ့ထိတွေ့ဆက်ဆံသူ ၂၀ ကို ကီလာရာပြည်နယ်မှာ သီးသန့်ခွဲခြား စောင့်ကြပ်ကြည့်ရှုလျက်ရှိတယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးမျောက်ကျောက်ရောဂါ ကူးစက်ခံရမှုကို   ဇူလိုင်  ၁၄  ရက်က   နိုင်ငံ တောင်ပိုင်း    ကီရာလာပြည်နယ်မှာ   တွေ့ရှိခဲ့ရာ ပြန်လည်သက်သာလာခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးမျောက်ကျောက်ရောဂါ ကူးစက် ခံရတဲ့ နှစ်ဦးမှာ တစ်ဦးက  ကီရာလာပြည်နယ်နဲ့  နောက်တစ်ဦးမှာ  မြို့တော်နယူးဒေလီက   ဖြစ်တယ်လို့ နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။  ကီရာလာပြည်နယ်မှာ   တွေ့ရှိတဲ့   လူနာ တစ်ဦးဟာ ဇူလိုင် ၂၇   ရက်က  ယူအေအီးနိုင်ငံက  ပြန်ရောက်လာတဲ့သူဖြစ်ပြီး      ရောဂါကူးစက်မှု တွေ့ရှိပြီးနောက်    မာလတ်ပူရမ်ဒေသရှိ  အစိုးရဆေးရုံတစ်ရုံမှာ  ဆေးကုသမှု ခံယူနေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီးနာဂျော့က ဆိုပါတယ်။

 

ရှစ်ဦးအနက် ငါးဦးမှာ နိုင်ငံခြားခရီးသွားမှတ်တမ်းရှိ

မြို့တော်နယူးဒေလီမှာ တွေ့ရှိတဲ့ လူနာကတော့ အသက် ၃၁ နှစ်အရွယ်   နိုင်ဂျီးရီးယား အမျိုးသား ဖြစ်ပြီး   နိုင်ငံခြားခရီးသွားမှတ်တမ်း မရှိဘူးလို့ ဆိုပါတယ်။   အိန္ဒိယနိုင်ငံမှာ   လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါအတည်ပြု ကူးစက်ခံရသူ ရှစ်ဦးရှိတဲ့အထဲ ငါးဦးမှာ နိုင်ငံခြားခရီးသွား မှတ်တမ်းရှိတယ်လို့ သိရပါတယ်။ ကီရာလာပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကာနာ တာကာပြည်နယ်မှာ ကျန်းမာရေးအာဏာပိုင်တွေက မျောက်ကျောက် ရောဂါနဲ့ပတ်သက်ပြီး    အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

 

ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ သေဆုံးမှုလည်း မြင့်တက်လာနိုင်

အိန္ဒိယနိုင်ငံ၌ ပထမဆုံးမျောက်ကျောက်ရောဂါ စစ်ဆေးတွေ့ရှိပြီးနောက် ရက်သတ္တနှစ်ပတ်အကြာ မှာ အိန္ဒိယဆေးသုတေသနကောင်စီ (အိုင်စီအမ် အာရ်) က မျောက်ကျောက်ကာကွယ်ဆေး ထုတ်လုပ်ဖို့ ပုဂ္ဂလိက သို့မဟုတ် အစိုးရဆေးကုမ္ပဏီတွေထံ တင်ဒါအောင်ခဲ့တယ်လို့ သိရပါတယ်။ မည်သို့ပင်ဆိုစေ    မျောက်ကျောက်ရောဂါနဲ့  ပတ်သက်ပြီး ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အမျှ သေဆုံးမှုလည်း   မြင့်တက်လာနိုင်တာကြောင့်  သတိထား ဆင်ခြင်သင့်ကြောင်း ကျွမ်းကျင်သူ တွေက သုံးသပ်ထားပါတယ်။

 

အစ္စရေးနိုင်ငံက အာရှဒေသမှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်

ဇူလိုင် ၃၁ ရက်အထိ ထုတ်ပြန်ထားတဲ့ အချက် အလက်အရ အာရှဒေသမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၉၈ ဦးရှိပြီး အစ္စရေးနိုင်ငံက ကူးစက်ခံရသူ ၁၄၆  ဦးနဲ့  အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ မျောက်ကျောက်ရောဂါကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး  အာရှဒေသ ကိုကြည့်ရင် စင်ကာပူနိုင်ငံမှာ ကူးစက်ခံရသူ ၁၁ ဦး၊  လက်ဘနွန်နိုင်ငံမှာ လေးဦး၊ ဆော်ဒီအာရေဗျ နိုင်ငံမှာ သုံးဦး၊ ကာတာ၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေမှာ နှစ်ဦးစီနဲ့ ဂျော်ဂျီယာ၊ တောင်ကိုရီးယား၊ တူကီယဲသမ္မတနိုင်ငံ၊ ရုရှားနဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာ ကူးစက်ခံရသူ တစ်ဦးစီ စစ်ဆေးတွေ့ရှိထားတယ်လို့  အချက်အလက်တွေအရ သိရပါတယ်။

 

နောက်ဆုံးထွက်ပေါ်လာတဲ့   သတင်းတွေအရ ထိုင်းနိုင်ငံမှာ  တတိယမြောက်  မျောက်ကျောက် ရောဂါ ကူးစက်ခံရသူ စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီကူးစက်ခံရသူဟာ ဇူလိုင် ၁၈ ရက်က ဖူးခက်ကို ဝင်ရောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် ဂျာမန်နိုင်ငံသားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ  လွန်ခဲ့တဲ့  ရက်သတ္တနှစ်ပတ်အတွင်း မျောက်ကျောက်ရောဂါ   ကူးစက်ခံရသူ   နှစ်ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။            ။

ကိုးကား - ဆင်ဟွာ