အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးချယ်ခံရ

ရန်ကုန် ၆ ဧပြီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အာဆီယံဇုန် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။

 

အာရှဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲနှင့် (၂၉)ကြိမ်မြောက် ကွန်ဂရက်ကို ယနေ့နံနက်ပိုင်းမှစ၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ပြီး ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ် အာဆီယံဇုန် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသောကြောင့် မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး အာရှအဆင့်မြင့် ရာထူးတစ်ခုကို မြန်မာနိုင်ငံမှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌနေရာအတွက် ရွေးချယ်ခံခဲ့သည့် ဦးဇော်ဇော်ကို အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများက ထောက်ခံအားပေးခဲ့သည်။

 

ဦးဇော်ဇော်သည် ယခင်က အာရှဘောလုံးအဖွဲ့ချုပ်တွင် အလုပ်အမှုဆောင်အဖြစ်သာ အမြင့်ဆုံး ဆောင်ရွက်ဖူးပြီး ဒုတိယဥက္ကဋ္ဌနေရာအတွက် ပထမဆုံး ဝင်ရောက်ရွေးချယ်ခံခဲ့ခြင်းဖြစ်သည်။ ယနေ့ကျင်းပသည့် အာရှဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌငါးဦး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဖွဲ့ဝင် ခြောက်ဦး၊ အလုပ်အမှုဆောင် ၁၀ ဦး၊ အမျိုးသမီးဘောလုံးကော်မတီဝင် ငါးဦး ရွေးချယ်တင်မြောက်ခဲ့သည်။ ရွေးကောက်ပွဲအပြီးတွင် (၂၉)ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်ကို ဆက်လက်ကျင်းပခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉-၂၀၁၃ ခုနှစ်အတွက် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဘာရိန်းနိုင်ငံသား ရှိတ်ဆယ်လ်မန်က ထပ်မံရွေးချယ်ခံခဲ့ရသည်။

 

သတင်း - ဖိုးသော်ဇင်

ဓာတ်ပုံ - MFF