အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

၄ သြဂုတ်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ဆက်လက်ကျင်းပသည်။


အိမ်ရှင်မြန်မာအသင်းသည် ဒုတိယနေ့တွင် သီရိလင်္ကာအသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး သုံးပွဲ-တစ်ပွဲဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် နိုင်ပွဲဆက်ရန် ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် သီရိလင်္ကာအသင်းကို ပထမပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အနိုင်ရသော်လည်း ပွဲငယ်သုံးပွဲဆက် ပြန်လည်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 


သီရိလင်္ကာအသင်းသည် ဒုတိယပွဲငယ်တွင် ၂၈-၂၆ မှတ်၊ ၂၅-၁၉ မှတ်၊ ၂၅-၁၄ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အခြားပွဲများတွင် ပါကစ္စတန်အသင်းက ဘာရိန်းအသင်းကို ၂၅-၂၁ မှတ်၊ ၂၅-၂၁ မှတ်၊ ၂၅-၁၅ မှတ်ဖြင့် သုံးပွဲပြတ်၊ ဗီယက်နမ်အသင်းက ဆော်ဒီအာရေဗျအသင်းကို ၃၀-၂၈ မှတ်၊ ၂၅-၂၁ မှတ်၊ ၂၅-၂၂ မှတ်ဖြင့် သုံးပွဲပြတ်၊ အိန္ဒိယအသင်းက နယူးဇီလန်အသင်းကို ၂၅-၁၈ မှတ်၊ ၂၅-၁၄ မှတ်၊ ၂၅-၁၂ မှတ်ဖြင့် သုံးပွဲပြတ်၊ သြစတြေးလျအသင်းက ဟောင်ကောင်အသင်းကို ၂၅-၁၃ မှတ်၊ ၂၃-၂၅ မှတ်၊ ၂၅-၂၁ မှတ်၊ ၂၅-၁၆ မှတ်ဖြင့် သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲကစားအပြီးတွင် တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့် ထားပြီး ကွာတားဖိုင်နယ်တက်ရောက်ရန် ယနေ့ပွဲမှာ အရေးပါလျက်ရှိသည်။ 


အုပ်စုနောက်ဆုံးနေ့ကို သြဂုတ် ၅ ရက် နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၁၁ နာရီတွင် သီရိလင်္ကာနှင့် ဟောင်ကောင်၊ တရုတ်နှင့် နယူးဇီလန်၊ မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာနှင့် သြစတြေးလျ၊ တရုတ်တိုင်ပေနှင့် ပါကစ္စတန်၊ ညနေ ၄ နာရီတွင် ထိုင်းနှင့် အိန္ဒိယ၊ ဂျပန်နှင့် ဗီယက်နမ်၊ ညနေ ၆ နာရီခွဲ တွင် ကာတာနှင့် ဘာရိန်း၊ ကာဇက်စတန်နှင့် ဆော်ဒီအာရေဗျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း