အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်း အာရှထိပ်သီး တရုတ်နှင့် စတင်တွေ့ဆုံ

၃ နိုဝင်ဘာ

 

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး တရုတ်အသင်းနှင့် ပွဲဦးထွက် စတင်ကစားရမည်ဖြစ်သည်။

 

ခြေစစ်ပွဲ အုပ်စု (I) တွင် တောင်ကိုရီးယား၊ တရုတ်၊ မြန်မာနှင့် စင်ကာပူတို့ ပါဝင်နေပြီး နိုဝင်ဘာ ၆၊ ၈၊ ၁၀ ရက်တွင် တစ်နေ့လျှင် နှစ်ပွဲနူန်းဖြင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် တောင်ကိုရီးယားအသင်းနှင့် စင်ကာပူအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တရုတ်အသင်း၊ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီတွင် တရုတ်အသင်းနှင့် စင်ကာပူအသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီတွင် တောင်ကိုရီးယားအသင်းနှင့် တရုတ်အသင်း၊ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ခြေစစ်ပွဲကို အုပ်စု ၁၁ ခုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ အာရှထိပ်သီးအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေသည့် မြန်မာအသင်းအနေဖြင့် ရုန်းကန်ရဖွယ်ရှိနေသည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုအာရှခြေစစ်ပွဲအပါဝင် ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် နှစ်ဆန်းပိုင်းကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲများအဖြစ် အာဆီယံ ယူ-၁၈ ပြိုင်ပွဲ၊ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲ၊ တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံတစ်ကြိမ်၊ ဒုတိယတစ်ကြိမ် ရရှိခဲ့သည်။ ထို့ပြင် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲတွင် MFF Youth အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုရခဲ့သည်။

 

အာရှခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ (MFF Youth)၊  စောထက် (ရန်ကုန် ယူ-၂၁)၊ နောက်တန်း-သက်ဟိန်းစိုး (ရတနာပုံ ယူ-၁၉)၊ ညဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး (MFF Youth)၊ စောထော်နေမူး (ရန်ကုန် ယူ-၁၉) ၊ ကောင်းခန့်ကျော် (၁) (ရှမ်း ယူ-၁၉) ၊ အလယ်တန်း- ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ လမင်းထွေး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊  နောင်နောင်စိုး (MFF Youth)၊ ရဲမင်းကျော် (Southern ယူ-၁၉)၊ မိုးဆွေ (မကွေး ယူ-၂၁)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ရှေ့တန်း- ပြည့်စုံနိုင် (ရတနာပုံ)၊ ညီညီ၊ စောကျော်အဲ (MFF Youth)၊ တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်