အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာအသင်း ကစားသမား ၂၉ ဦး ရွေးချယ်လေ့ကျင့်

မြန်မာ ယူ-၁၉ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၉ ဦး ရွေးချယ်လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းတွင်ပါ ရွေးချယ်ခံထားရသည့် ဟိန်းထက်အောင်နှင့် ပြည့်စုံနိုင်တို့နှစ်ဦးအပါအဝင် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်လျက်ရှိပြီး ခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောထက်၊ နောက်တန်း-သက်ဟိန်းစိုး၊ ဉာဏ်လင်းထက်၊ စည်သူမိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ စောထော်နေမူး၊ ကောင်းခန့်ကျော်(၁)၊ မျိုးကိုကိုလင်း၊ အလယ်တန်း-ရဲမင်းကျော်၊ နောင်နောင်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ရန်ကျော်စိုး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော်ဇင်ဟိန်း၊ မိုးဆွေ၊ ဟိန်းထက်အောင်၊ သူရအောင်၊ ရန်နိုင်လင်း၊ ပြည့်စုံနိုင်၊ ရှေ့တန်း-လမင်းထွေး၊ ညီညီ၊ စောကျော်အဲ၊ သြဘာခ၊ ရဲထက်အောင်၊ ကောင်းဇင်မိုးတို့ ပါဝင်ကြသည်။ မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့် တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရခဲ့ပြီး ယင်းပြိုင်ပွဲ အပြီးတွင် ဆက်လက်လေ့ကျင့်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ကာလရှည် လေ့ကျင့်ပြင်ဆင်ထားသည့် အသင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒုတိယမြောက် အဓိက နိုင်ငံတကာ ပြိုင်ပွဲဖြစ်သည့် အာရှခြေစစ်ပွဲတွင် ရလဒ်ကောင်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲသုံးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (I) တွင် တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။ ယင်းအုပ်စုပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အာရှထိပ်သီးအသင်းများနှင့် ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

 

ညီမြတ်သော်တာ