အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၉ အသင်း အပြီးသတ်လူရွေးချယ်

mdn

ရန်ကုန် ၂ နိုဝင်ဘာ


မြန်မာ ယူ-၁၉ အသင်းသည် နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်လိုက်ပြီဖြစ်သည်။
                           

  မြန်မာ ယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ-ဦးရဲဝင်းအောင်၊ နည်းပြချုပ်-ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြ-ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြ-ဦးစိန်အေး၊ ဂိုး-နေလင်းထက်၊ ပြည့်ဖြိုးသူ (MFF Youth)၊  စောထက် (ရန်ကုန် ယူ-၂၁)၊ နောက်တန်း-သက်ဟိန်းစိုး (ရတနာပုံ ယူ-၁၉)၊ ဉာဏ်လင်းထက်၊ စည်သူ မိုးခန့်၊ ရှင်းသန့်အောင်၊ ဝေယံစိုး (MFF Youth)၊ စောထော်နေမူး (ရန်ကုန် ယူ-၁၉) ၊ ကောင်းခန့်ကျော် (၁) (ရှမ်း ယူ-၁၉) ၊ အလယ်တန်း- ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ လမင်းထွေး၊ ပြည့်ဖြိုးအောင်၊ ခွန်ကျော် ဇင်ဟိန်း၊  နောင်နောင်စိုး (MFF Youth)၊ ရဲမင်းကျော် (Southern ယူ-၁၉)၊ မိုးဆွေ (မကွေး ယူ-၂၁)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ရှေ့တန်း-ညီညီ၊ စောကျော်အဲ (MFF Youth)၊ ပြည့်စုံနိုင် (ရတနာပုံ) တို့ ပါဝင်ကြသည်။

 

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် အပြီးသတ်လူစာရင်းကို နိုဝင်ဘာ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ပဏာမကစားသမား ၂၉ ဦးမှ ခြောက်ဦး လျှော့ချခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယင်းခြေစစ်ပွဲအတွက် စက်တင်ဘာ ၁၂ ရက်မှစ၍ ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး စက်တင် ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျင်းပသည့် တရုတ်တိုင်ပေ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဒုတိယဆုရခဲ့သည်။

 

 ထို့ပြင် ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် အောက်တိုဘာနောက်ဆုံးပတ်က ခြေစမ်းပွဲသုံးပွဲကစားရာ ပြည်တွင်းခြေစမ်းပွဲများတွင် တပ်မတော်ရေအသင်းကို သုံးဂိုးပြတ်နိုင်ပြီး မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ နိုင်ငံတကာခြေစမ်းပွဲတွင် လာအို ယူ-၁၉ အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

၂၀၂၀ အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့်အတူ တောင်ကိုရီးယား၊ တရုတ်နှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်