အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အာရှထိပ်သီး တောင်ကိုရီးယားကို တစ်ဂိုးဖြင့် ကပ်ရှုံး

၃  နိုဝင်ဘာ

                        

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပရာ မြန်မာအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ကပ်၍ ရှုံးနိမ့်ခဲ့သည်။

 

                         

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှထိပ်သီးအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သောကြောင့် သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သော်လည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည့်အပြင် ယခုပွဲတွင် တောင်ကိုရီးယားကို တစ်ယောက်လျော့ဖြင့် ကစားကာ ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှ ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

                         

မြန်မာ ယူ-၁၉ အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဇူးလတ်နဒီ (ဂိုး)၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ မိုးမမစိုး၊ ပုံ့ပုံ့ပြည့်မောင်၊ ဘွဲ့လျန်ကိန်း၊ သဇင်အောင်၊ ဖြူဖြူဝင်း၊ ဆွေမာအောင်၊ စန်းသော်သော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ တောင်ကိုရီးယားအသင်းသည် နောက်တစ်ဆင့်တက်ရောက်ရေးအတွက် အနိုင်ရရန် ကြိုးပမ်းခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည်။ ၃၉ မိနစ်တွင် မြန်မာနောက်ခံလူ မိုးမမစိုး ကြမ်းတမ်းစွာကစားခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသလို ပယ်နယ်တီလည်း ပေးခဲ့ရသည်။ သို့သော် ယင်းပယ်နယ်တီကို မြန်မာဂိုးသမား ဇူးလတ်နဒီ ကာကွယ်နိုင်ခဲ့သည်။ မြန်မာဂိုးသမား ဇူးလတ်နဒီသည် ယခုပွဲတွင် သေချာပေါက်ဂိုးသွင်းခွင့်အချို့ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သော်လည်း ၇၉ မိနစ်တွင် ညာခြမ်းမှ ဖြတ်ပို့သောဘောလုံးကို ကာကွယ်ရာ ဂိုးဝင်သွား၍ တောင်ကိုရီးယားအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

                         

မြန်မာအသင်းသည် အုပ်စုပွဲများတွင် ဂျပန်အသင်းကို ငါးဂိုး-ဝိုးမရှိ၊ တရုတ်အသင်းကို ငါးဂိုး-တစ်ဂိုး၊ တောင်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် သုံးပွဲစလုံး အရေးနိမ့်ခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ မြောက်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့်ပထမ၊ သြစတြေးလျအသင်းက ခြောက်မှတ်ဖြင့် ဒုတိယ၊ အုပ်စု (ခ) ၌ လက်ရှိချန်ပီယံဂျပန်အသင်းက ကိုးမှတ်ဖြင့် ပထမ၊ တောင်ကိုရီးယားအသင်းက ခြောက်မှတ်ဖြင့် ဒုတိယရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ မြန်မာအသင်းအပါအဝင် တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် တောင်ကိုရီးယာ။၊ ဂျပန်နှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ