အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယပွဲအဖြစ် မြန်မာနှင့် သြစတြေးလျ ကစားမည်

ရန်ကုန် ၂၇ ဧပြီ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု (က) ဒုတိယနေ့ကို ဧပြီ ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

အုပ်စု (က) ဒုတိယနေ့အဖြစ် ညနေ ၄ နာရီတွင် ဥဇဘက်ကစ္စတန်အသင်းနှင့် နီပေါအသင်း၊ ည ၇ နာရီတွင် မြန်မာအသင်းနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုတွင်း အင်အားအကြီးဆုံး အာရှထိပ်သီး သြစတြေးလျအသင်းနှင့် တွေ့ဆုံနေသောကြောင့် ရလဒ်ကောင်းရရန် ခက်ခဲနိုင်သော်လည်း ခြေစစ်ပွဲအောင်ရေး အရေးပါသည့် နောက်ဆုံးပွဲဖြစ်သော နီပေါနှင့်ပွဲတွင် ရလဒ်ကောင်းရန် ပြင်ဆင်ရန် လိုအပ်နေသည်။ မြန်မာနှင့် သြစတြေးလျအသင်းတို့၏ ဘောလုံးအဆင့်အတန်း၊ အသင်းများ၏ အနေအထားအရ မြန်မာအသင်းသည် မဖြစ်မနေအနိုင်ရရန် မလိုအပ်သောကြောင့် နောက်ဆုံးပွဲအတွက် ကြိုတင်ပြင်ဆင်ပြီး ကစားရန် လိုအပ်ပေသည်။

 

မြန်မာအသင်းသည် ခြေစစ်ပွဲအောင်ရန် အဓိကပြိုင်ဘက်ဖြစ်လာနိုင်သည့် ဥဇဘက်ကစ္စတန် အသင်းကို အနိုင်ရထားပြီးဖြစ်သောကြောင့် လက်ကျန်နှစ်ပွဲကို ခြေစစ်ပွဲအောင်ရန် လိုအပ်နေသည့် ရမှတ်များကို ရယူနိုင်ရန် ကစားတတ်ရန်သာ လိုအပ်တော့သည်။ သြစတြေးလျအသင်းသည် ပထမပွဲတွင် နီပေါအသင်းကို ၁၁ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားပြီး အုပ်စုအနေအထားအရ ခြေစစ်ပွဲအောင်ရန် ရေပန်းအစားဆုံး အသင်းဖြစ်နေသည်။ ထို့ကြောင့် လက်ကျန် တစ်နေရာအတွက် ကျန်သုံးသင်း အပြိုင်ဖြစ်နေရာ မြန်မာအသင်းအနေဖြင့် ခြေစွမ်းပိုကောင်းသည့် ဥဇဘက်ကစ္စတန် အသင်းကို အနိုင်ရခဲ့သောကြောင့် အခွင့်အရေး ပိုကောင်းနေခြင်း ဖြစ်သည်။

 

ဒုတိယအဆင့်ခြေစစ်ပွဲ၏ အခြားအုပ်စုဖြစ်သည့် အုပ်စု (ခ) ပထမနေ့ကို ဧပြီ ၂၆ ရက်က ဗီယက်နမ် နိုင်ငံ၌ ကျင်းပခဲ့ရာ တောင်ကိုရီးယားအသင်းက လက်ဘနွန်အသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိမ်ရှင်ဗီယက်နမ်အသင်းနှင့် အီရန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်

 

1