အာရှ ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြု စွမ်းဆောင်ရည်ဆု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆွတ်ခူးရရှိ

သတင်း- ဖိုးသော်ဇင်

ဓာတ်ပုံ-MFF

အာရှ ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြု လုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစ၍ မလေးရှားနိုင်ငံရှိ AFC ရုံး၌ ကျင်းပရာ အဖွဲ့ဝင်နိုင်ငံအလိုက် လူမှုအကျိုးပြု စွမ်းဆောင်ရည်ဆု (Developing Category)အား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆွတ်ခူးရရှိခဲ့သည်။

ယင်းဆုအတွက် ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်နှင့် မြန်မာတို့ကို စိစစ်ရွေးချယ်ရာတွင် ဘင်္ဂလားဒေရှိ့က တတိယနေရာ Bronze Award၊ ဟောင်ကောင်က ဒုတိယနေရာ Silver Award နှင့် မြန်မာက ပထမနေရာ Winner အဖြစ် ချီးမြှင့်ရွေးချယ်ခံရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လူမှုရေးအဖွဲ့အစည်း များအား လှူဒါန်းခြင်း၊ ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ကလေးသူငယ်များ ကျန်းမာရေးအတွက် လှုဒါန်းမှုပြုလုပ်ခြင်း၊ သဘာဝဘေးဒဏ်ခံရသည့် အိမ်နီးချင်းနိုင်ငံများအား ထောက်ပံ့လှူဒါန်းခြင်း၊ လူငယ်ဘောလုံးပွဲတော်များ ပြိုင်ပွဲများ ကျင်းပ၍ အားကစား အသုံးအဆောင်များ လှူဒါန်းခြင်း၊ မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ဖလားအား ချာရတီဖလားအမည်ဖြင့် ကျင်းပ၍ လူမှုရေးအဖွဲ့အစည်းများအား လှူဒါန်းခြင်း အစရှိသည့် ဆောင်ရွက်မှုများကြောင့် ဆုရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဆုပေးပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဆုလက်ခံရယူခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFC Dream Asia Awards ကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ပထမအကြိမ် အဖြစ် ၂၀၁၃ ခုနှစ်က စတင်ချီးမြှင်ခံခဲ့ရသည်။  ယခုနှစ်တွင် ဆုကြေးအဖြစ်ပါ ပေးအပ်ချီးမြှင့်ခဲ့ရာ MFF အနေဖြင့် ရရှိသည့် ဆုကြေးငွေ ဒေါ်လာ ၁၅၀ဝ၀ အား နောင်နှစ်တွင် ပြုလုပ်မည့် CSR လူမှုရေး လုပ်ငန်းများအတွက် သုံးစွဲလှူဒါန်းသွားမည် ဖြစ်သည်။

အခမ်းအနားတွင် အခြားအဖွဲ့လိုက်နှင့် တစ်ဦးချင်းဆုများလည်း ချီးမြှင့်ပေးအပ်ခဲ့ပြီး နိုင်ငံအလိုက်တွင် ဂျပန်၊ မြန်မာ၊ ‌ဂူအမ်တို့ အသီးသီး ရရှိခဲ့သည်။