အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ကိုးသန်းကျော်ရှိလာ

အဒစ်အဘာဘာ ဒီဇင်ဘာ ၁၇

 

အာဖရိကတိုက်၌ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ကိုးသန်းကျော်ရှိ လာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။ ။

 

အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း  ၉၀၃၃၇၈၈ ဦးရှိကြောင်း၊ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၅၄၈၉ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၂၆၅၃၂၇ ဦးရှိကြောင်း သိရသည်။

 

အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးနိုင်ငံများ ဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။

 

လက်ရှိတွင် အာဖရိကတိုက်၌ နိုင်ငံ ပေါင်း ၁၁ နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အာဖရိကနိုင်ငံများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၄၅ သန်း ဝယ်ယူထားပြီး အာဖရိကတိုက် လူဦးရေစုစုပေါင်း၏ ၇ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

 

အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုဒုတိယ အများဆုံးဒေသများဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဒေသဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်