အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုအဆင့်ဒုတိယနေ့ပွဲစဉ်များတွင် ဆီနီဂေါ၊ ဂီနီယာ၊ မော်ရိုကိုနှင့် ဂါဘွန်အသင်းတို့ နိုင်ပွဲအသီးသီးရရှိခဲ့

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယနေ့ ပွဲစဉ်များအဖြစ် ဇန်နဝါရီ၁၀ရက်ညပိုင်းက ပွဲစဉ်လေးပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ဆီနီဂေါအသင်း၊ ဂီနီယာအသင်း၊ မော်ရိုကိုအသင်းနဲ့ ဂါဘွန် အသင်းတို့ဟာ ပြိုင်ဘက်အသင်း တွေကို အသီးသီးအနိုင်ရရှိခဲ့ပါတယ်။

ဆီနီဂေါအသင်းဟာ ဇင်ဘာဘွေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သာမန်ပွဲကစားချိန်အတွင်းမှာ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ် ၉၀ ပြီး နာကျင်အချိန်ပိုအတွင်းမှာ မာနေးရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ဆီနီဂေါအသင်းက ဇင်ဘာဘွေအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ ၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်လှမ်းခွင့်ရရှိခဲ့တဲ့ အသင်းဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ အယ်လ်ဂျီးရီးယား အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အာဖရိကနိုင်ငံများဖလား ချန်ပီယံဖြစ်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ဂီနီယာအသင်းနဲ့ မာလာဝီအသင်းတို့ပွဲစဉ်မှာ ဂီနီယာအသင်းက ပထမပိုင်းပွဲကစားချိန် ၃၅ မိနစ်မှာ ရရှိခဲ့တဲ့ ဆီလ်လာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မာလာဝီအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗာပူး အသင်း ကွင်းလယ်ကစားသမား နာဘီကီတာ ဦးဆောင်လာတဲ့ဂီနီယာအသင်းဟာမာလာဝီအသင်း ကို အနိုင်ရရှိခဲ့တာကြောင့် အုပ်စု(B)မှာ ဆီနီဂေါ အသင်းနဲ့ ရမှတ်သုံးမှတ်စီရရှိထားတာဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အခြားသော အုပ်စု (C)ရဲ့ အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မော်ရိုကို အသင်းနဲ့ ဂါနာအသင်းတို့ပွဲစဉ်မှာ မော်ရိုကိုအသင်းဟာ ပွဲကစားချိန် ၈၃ မိနစ်မှာရရှိခဲ့တဲ့ ဘူဖယ်လ်ရဲ့ သွင်းဂိုးနဲ့ ဂါနာအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ၁၉၇၆ ခုနှစ်အတွင်းက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲချန်ပီယံဆုဖလားကို ရယူ ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်မှာ ကိုမိုရို့စ်အသင်းနဲ့ အုပ်စုအဆင့် ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

အုပ်စု(C)ရဲ့ အခြားသော ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုမိုရို့စ်အသင်းနဲ့ ဂါဘွန်အသင်းတို့ပွဲစဉ်မှာ ဂါဘွန်အသင်း ဟာ အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး အူဘာမေယန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာ ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲကစားချိန် ၁၆ မိနစ်မှာရရှိခဲ့တဲ့ ဘူပန်ဇာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ကိုမိုရို့စ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်