အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်ကင်မရွန်းက ဘာကီနာဖာဆိုကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရ

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကင်မရွန်း အသင်းနဲ့ ဘာကီနာဖာဆိုအသင်းတို့ပွဲစဉ်မှာ အိမ်ရှင်အသင်းဖြစ်တဲ့ ကင်မရွန်းအသင်းက ဘာကီနာဖာဆို အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လေးသင်း တစ်အုပ် စုပုံစံနဲ့ အုပ်စုနောက်အုပ်စုခွဲကာ ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်လည်းဖြစ်၊ အုပ်စု(A)ရဲ့ ပထမဆုံးပွဲစဉ်လည်းဖြစ်တဲ့ ကင်မရွန်းအသင်းနဲ့ ဘာကီနာဖာဆိုအသင်းတို့ပွဲစဉ်မှာ ကင်မရွန်းအသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် မိနစ် ၄၀ နဲ့ ၄၅ မိနစ်တို့မှာ အဘူဘာကာက ပင်နယ်တီကနေ  နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ကင်မရွန်းအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်း ယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အဘူဘာကာဟာ ၂၀၁၇ ခုနှစ်အတွင်းက ကင်မရွန်းအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား ချန်ပီယံဆုဖလားကို ရယူပေး နိုင်ခဲ့သူဖြစ်ပြီး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် တစ်နှစ်ကြာ ရွှေ့ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ကင်မရွန်းအသင်းနဲ့ ပွဲစဉ်မှာ ဘာကီနာဖာဆိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၂၄ မိနစ်မှာ ဆန်ဂါရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ အုပ်စု(A)မှ ပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီသီယိုးပီးယားအသင်းနဲ့ ကိတ်ဗာဒီအသင်းတို့ပွဲစဉ်မှာ အီသီယိုးပီးယားအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၁၂ မိနစ်မှာ ဘာယက်ကို တိုက်ရိုက်အနီကတ် ပြခံခဲ့ရတာကြောင့် အဲဒီအချိန်ကတည်းက တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

အီသီယိုးပီးယားအသင်းနဲ့ ကိတ်ဗာဒီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု(A) ပွဲစဉ်မှာ ကိတ်ဗာဒီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ်မှာ တာဗာရက်စ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ငွေကြယ်