အာဖရိကကို နှစ်ပေါင်းများစွာခြိမ်းခြောက်နေတဲ့ မျောက်ကျောက်ရောဂါဟာ နောက်ဆုံးမှာတော့ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ရောက်ရှိလာ

 

လင်းဟန်သစ်

 

ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေလိုမျိုး နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားပြီး သုံးလမပြည့်မီမှာ အာဖရိကကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်နေတဲ့ မျောက်ကျောက် (Monkeypox) ရောဂါဟာ နောက်ဆုံးမှာတော့ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။

 

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ

 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဖြစ်တဲ့ (ဒဗလျူအိတ်ချ်အို) က အာဖရိကပြင်ပမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက် (Monkeypox) ရောဂါကို နိုင်ငံတကာက စိုးရိမ်နေတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဇူလိုင် ၂၃ ရက်က ကြေညာခဲ့ပါတယ်။

 

အနောက်အာဖရိက အလယ်ပိုင်းရဲ့ ဒေသတွေမှာ ဒီရောဂါဟာ လွန်ခဲ့တဲ့ ရာစုနှစ်ကတည်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကပ်ရောဂါ ကျွမ်းကျင်ပညာရှင်တွေဟာ အဆိုပါရောဂါ နဲ့ ပတ်သက်ပြီး သတိပေးခဲ့သော်လည်း အများစုက လျစ်လျူရှုခဲ့ကြပါတယ်။ ဒီရောဂါဟာ အာဖရိကလိုမျိုး ဒေသမှာရှိတဲ့သူတွေကို အိပ်မက်မှ လှုပ်နိုးလိုက်သလို ဖြစ်ခဲ့ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

အာဖရိကသုတေသီတွေက Mon-keypox ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့အလားအလာတွေကို အချိန် ကာလအတော်ကြာ သတိပေးခဲ့ပါတယ်။ ထို့အတူ Monkeypox ဗိုင်းရပ်စ်ဟာ နည်းလမ်းအသစ်တွေနဲ့အတူ ကျယ်ကျယ် ပြန့်ပြန့်ကူးစက်နိုင်တယ်လို့ ဇွန်လ တုန်းက Nature ဂျာနယ်မှာ ပြောကြား ခဲ့ပါတယ်။

 

လူသားတွေမှာ ပထမဆုံး စတင်တွေ့ရှိ

 

၁၉၇၀ ပြည့်နှစ်ကတည်းက Mon-keypox ဗိုင်းရပ်စ်ကို လူသားတွေမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။ အဲဒီတုန်းက အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတယ်ဆိုပြီး သတင်းဖော်ပြခဲ့ကြပါတယ်။ အထူးသဖြင့်ကတော့ ကျေးလက် ဒေသတွေနဲ့ ကွန်ဂိုမြစ်ဝှမ်းမှာရှိတဲ့ မိုးသစ်တောဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လူသားတွေမှာ Monkeypox ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေဟာ အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ ပိုမိုကူးစက်ဖြစ်ပွားလာခဲ့ပါတယ်။

 

ရောဂါကူးစက်ဖြစ်ပွားမှုတွေဆက်လက်ဖြစ်ပေါ်

 

နိုင်ဂျီးရီးယားမှာလည်း ၂၀၁၇ ခုနှစ် ကတည်းက ဒီရောဂါကို အများအပြား ကူးစက်ဖြစ်ပွားခဲ့ဖူးပါတယ်။ သံသယ ဖြစ်ဖွယ် ကူးစက်ဖြစ်ပွားနေသူပေါင်း ၅၀၀ ကျော်ရှိပြီး အတည်ပြုကူးစက် ဖြစ်ပွားသူ ၂၀၀ ကျော် ရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်းကတော့ ၃ ရာခိုင် နှုန်းနီးပါး ရှိပါတယ်။ အဲဒီအချိန်ကတည်းကစပြီး အခုအချိန်အထိ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၇ ခုနှစ်ကျော်လွန်ပြီးနောက်ပိုင်းမှာ အာဖရိက ကူးစက်ရောဂါကျွမ်းကျင် ပညာရှင်တွေက Monkeypox ရောဂါဟာ ထူးခြားတဲ့နည်းလမ်းတွေနဲ့ ပျံ့နှံ့ဖြစ်ပွား နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

 

mdn

 

လျစ်လျူရှုခဲ့တဲ့အတွက်တန်ဖိုးကြီးကြီးပေးနေရပြီ

 

အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ပိုမိုကူးစက်ဖြစ်ပွားလေ့ရှိပြီး တစ်ခါ တစ်ရံမှာ လိင်အင်္ဂါအနာဖြစ်ပွားတဲ့ သူတွေလည်း ကူးစက်ဖြစ်ပွားတတ်ပါတယ်။ Monkeypox ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းကလည်း ကူးစက် ဖြစ်ပွားနိုင်တယ်လို့ Nature ဂျာနယ်ရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

 

၂၀၁၇ ခုနှစ်တုန်းက ဒီရောဂါကို အသေအချာမကိုင်တွယ်ခဲ့ဘဲ လျစ်လျူရှုခဲ့တဲ့အတွက် အခုတော့ကမ္ဘာကြီးဟာ အဲဒီအတွက် တန်ဖိုးကြီးကြီးပေးနေရပြီ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ Monkeypox ရောဂါဟာ လိင်ဆက်ဆံဖော်တွေနဲ့ ထိတွေ့ရာမှတစ်ဆင့် ကူးစက်ဖြစ်ပွားတဲ့ နောက်ကြောင်းတွေ ရှိခဲ့တယ်လို့ နိုင်ဂျီးရီးယားရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ အဲဒီဆိုလာယင်ကာအိုဂွန်လီရီက ပြော လိုက်ပါတယ်။

 

အနည်းနဲ့အများ သက်ရောက်မှုတွေရှိ

 

ဥရောပနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံတို့ဟာ ဒီရောဂါကို အခုချိန်အထိ ကြောက်စရာအကောင်းဆုံးနဲ့ အပြင်းဆုံးရောဂါအဖြစ် မမှတ်ယူသေးသော်လည်း ဒီရောဂါနဲ့ပတ်သက်ပြီး အနည်းနဲ့အများ သက်ရောက်မှုတွေရှိ နေပါတယ်လို့ ဘာမင်ဂမ်တက္ကသိုလ်ရဲ့ ဇီဝဗေဒဗိုင်းရပ်စ်ဆဲလ်ဆိုင်ရာ ပါမောက္ခ ဂျေဆင်မာဆာက ပြောပါတယ်။

 

တကယ့်ကြောက်စရာ အကောင်းဆုံး ကတော့ Monkeypox ရောဂါဟာ အာဖရိကနိုင်ငံတွေ အတွက်တော့ တကယ့်ကို အရေးအကြီးဆုံး ပြဿနာ တစ်ရပ်ဖြစ်နေတယ်လို့ မာဆာက ပြောပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော် အချိန်တုန်းက အဆိုပါရောဂါဟာ လူလူချင်း အရေအတွက်အများအပြားကူးစက်ဖြစ်ပွားခဲ့ပါတယ်။

 

ဥရောပရဲ့ မကြာသေးမီက ဖြစ်ပွား ခဲ့တဲ့ Monkeypox ရောဂါအပေါ် လျင်မြန်တဲ့ တုံ့ပြန်မှုကတော့ အာဖရိကနဲ့နှိုင်းယှဉ် လိုက်ရင်တော့ အများကြီး အားရစရာ ကောင်းပါတယ်။ အာဖရိကမှာ ဒီရောဂါဟာ ကူးစက်ပြန့်ပွားနေသော်လည်း ကာကွယ်ဆေးထိုးနှုန်းကတော့ ကျေနပ် စရာ မကောင်းပါဘူး။ အာဖရိကမှာ ကျန်းမာရေးစနစ်တွေဟာ အင်အားချည့်နဲ့လျက် ရှိပါတယ်။

 

ဥရောပနဲ့ အာဖရိကရဲ့ ကာကွယ်ဆေး မညီမျှမှုကတော့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားတုန်းကလိုပဲ အခုရောဂါ ကူးစက်ဖြစ်ပွားတဲ့ အချိန်မှာလည်း အများကြီးကွာဟမှု ရှိနေပါတယ်။

 

လိုသလောက်မရတဲ့ အခက်အခဲဖြစ်နေ

 

သေဆုံးမှုနှုန်းကို လျှော့ချဖို့နဲ့ ကူးစက်ဖြစ်ပွားနှုန်းကို နည်းစေဖို့ ဥရောပနဲ့ အမေရိကမှာ Monkeypox ရောဂါအတွက် ကာကွယ်ဆေးတွေကတော့ အစုလိုက် အပုံလိုက်ပါပဲ။ သို့သော်လည်း အာဖရိကမှာတော့ လိုသလောက်မရတဲ့ အခက်အခဲဖြစ်နေပါတယ်။

 

ကြောက်စရာ ကောင်းလောက်အောင် ကာကွယ်ဆေး မညီမျှမှုတွေ ဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝန်း ကာကွယ် ဆေး ဖြန့်ဝေပေးနိုင်မှုနဲ့ ကာကွယ်ဆေး ရရှိမှုအပိုင်းမှာတော့ လုံးဝကို မညီမျှဘူးလို့ လန်ဒန်အခြေစိုက် အင်န်ဂျီအိုတစ်ခုရဲ့ ညွှန်ကြားရေးမှူး မာတင်ဒရီဝီက ပြောပါတယ်။ ကာကွယ်ဆေးအပြင် ကမ္ဘာ့အစိတ်အပိုင်း အတော်များများမှာ အဲဒါတွေကို ဖြန့်ဝေပေးဖို့ လုံလောက်တဲ့ ကျန်းမာရေး စနစ်လည်း ချို့တဲ့နေတယ်လို့ မာတင် ဒရီဝီက ပြောပါတယ်။

 

Monkeypox ကူးစက်ဖြစ်ပွားတဲ့ သူတွေကို အမြန်ဆုံး ခြေရာခံပြီး လျင်လျင်မြန်မြန် တုံ့ပြန်သွားဖို့လိုအပ် ပါတယ်။ အာဖရိကမှာ ဒီကူးစက် ဖြစ်ပွားနှုန်းဟာ ၂၀၀၁ မှ ၂၀၁၁ ခုနှစ်နဲ့ စာရင် ၂၀၁၂ မှ ၂၀၂၂ ခုနှစ်မှာ ၆၃ ရာခိုင်နှုန်း တိုးလာပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

 

အာဖရိကအနေနဲ့ ဒီအခက်အခဲ အကျပ်အတည်းကို ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်မှာလားမေးရင် အဖြေကတော့ “နိုး” ပါပဲ။ ဥရောပနဲ့ အမေရိကန်နိုင်ငံဟာ လိုအပ်တဲ့ အကူအညီတွေကို ပေးရုံတင်မက စောင့်ကြည့်ဖို့၊ စမ်းသပ် စစ်ဆေးဖို့၊ ရောဂါရှာဖွေဖို့ ရောဂါရှာဖွေနိုင်အောင် သက်ဆိုင်သူတွေကို ကူညီ လေ့ကျင့်ပေးဖို့၊ သတင်းပို့ဖို့၊ ကာကွယ် ဆေးထိုးနိုင်အောင် ဆောင်ရွက်ပေးဖို့ တို့ကိုပါ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အဲဒီလိုလုပ်ဆောင်မှသာလျှင် monkey-pox ဗဟိုချက်နေရာဖြစ်တဲ့ အာဖရိကမှာ ဒီရောဂါကို ထိန်းချုပ်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း။ ။

 

ကိုးကား - ဆင်ဟွာ