အာဖဂန်ရွေးကောက်ပွဲတွင် တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၈ ဦးသေဆုံး

၁၆ အောက်တိုဘာ

 

 

တာလီဘန်တို့သည် ပြီးခဲ့သည့် စက်တင်ဘာက ကျင်းပခဲ့သော အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသဖြင့် မဲဆန္ဒပေးသည့်နေ့တွင် အရပ်သား ၂၈ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ အထူးအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

 

၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် စတုတ္ထမြောက် သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

 

 

အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးမည်ဟု တာလီဘန်တို့က ကြေညာခဲ့ပြီး မဲရုံများ၌ တိုက်ခိုက်မှု သတင်းများ ဖြစ်ပေါ်လာခဲ့သည်။

 

 

ယင်းအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သမ္မတရွေးကောက်ပွဲတွင် မဲဆန္ဒရှင် အရေအတွက် အနည်းဆုံးဖြစ်ရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာ က ဆိုသည်။

 

 

သမ္မတရွေးကောက်ပွဲ ဆန္ဒမဲများ ရေတွက်နေဆဲဖြစ်သည်။

 

 

ကြားဖြတ်မဲရလဒ်များကို အောက်တိုဘာ ၁၉ ရက်နေ့တွင် ကြေညာမည်ဟု အာဖဂန်ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို