အာဖဂန်နစ္စတန်နိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦးရှိလာ

ကဘူးလ် ဇန်နဝါရီ ၂၀

 

အာဖဂန်နစ္စတန်နိုင်ငံ ဘက်ဂစ်ပြည်နယ် အနောက်ပိုင်းတွင် ၅ ဒသမ ၆ မဂ္ဂနီကျူရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦးအထိရှိလာကြောင်း ပြည်နယ်တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

 

အဆိုပါမြေငလျင်သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ဘက်ဂစ်ပြည်နယ်မြောက်ပိုင်း ကာဒစ်ခရိုင်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ယင်းမြေငလျင်ကြောင့် ၂၂ ဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဘက်ဂစ်ပြည်နယ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနမှ ညွှန်ကြားရေးမှူး ဘက်ဇ်မိုဟာမက် ဆာဝါရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

 

မြေငလျင်လှုပ်ခတ်မှုကြောင့် ကာဒစ်ခရိုင်နှင့် ဘက်ဂစ် ပြည်နယ်၏မြို့တော် ကာလာအီနောမြို့ အပါအဝင် အိမ်နီးချင်း မူကာခရိုင်တို့တွင် လူနေအိမ်အနည်းဆုံး ၁၀၀၀ ခန့် ပျက်စီးမှုရှိခဲ့ကြောင်း ဘက်ဇ်မိုဟာမက်ဆာဝါရီက ဆက်လက်ပြောကြားသည်။

 

အဆိုပါမြေငလျင်သည် အနက် ၁၀ ကီလိုမီတာရှိပြီး မြောက်လတ္တီကျု၊ ၃၄ ဒသမ ၉၄၇၉ ဒီဂရီနှင့် အရှေ့လောင်တီကျူ ၆၃ ဒသမ ၅၆၈၆ ဒီဂရီတွင် လှုပ်ခတ်ခဲ့သည်ဟု ကနဦးသတင်းအရ အမေရိကန် ဘူမိဗေဒစစ်တမ်းက ဖော်ပြထားသည်။ ။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်