အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွား ၁၃ ဦး သေဆုံး

၄ ဖေဖော်ဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျော်ဂျန်ပြည်နယ်တွင် ချောင်းမြောင်းတိုက်ခိုက်ခြင်းခံရသဖြင့်  အစိုးရထောက်ခံသော ဒေသခံခေါင်းဆောင်တစ်ဦး၊ ၎င်း၏တပည့်တစ်ဦးနှင့် တာလီဘန်စစ်သွေးကြွ ၁၁ ဦး အပါအဝင် ၁၃ ဦး  သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

 

ယမန်နေ့ ညပိုင်းက ဂျော်ဂျန်-စာရီ ပူလ် လမ်းမကြီးတစ်လျှောက်တွင် ဒေသခံလူထု အုံကြွမှု တိုက်ခိုက်ရေးသမားများအဖွဲ့ဟု လူသိများသည့် အစိုးရလိုလားသော မျိုးနွယ်စု ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ကို တာလီဘန် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ကြကြောင်း ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် မာရဖ် အာဇာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုစစ်သွေးကြွ ၁၁ ဦး အလောင်းများကို ဒေသခံရွာသားများထံသို့ လွှဲပြောင်းပေးမည်ဟု  ၎င်းက မှတ်ချက်ပြုခဲ့သည်။

ထိုသို့ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသဖြင့် ဒေသခံလူထု အုံကြွမှု တိုက်ခိုက်ရေးသမား အဖွဲ့ခေါင်းဆောင် တိုဖန်  သေဆုံးသွားခဲ့သည်။

 

ယခုနှစ် ဇန်နဝါရီလတွင် ယင်းကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် လူ ရှစ်ဦး ထက်မနည်း သေဆုံးခဲ့သည်။

 

၂၀၀၁ ခုနှစ်နှောင်းပိုင်း ရာထူးမှ ဖြုတ်ချခြင်း မခံရသေးမီ ၎င်းနိုင်ငံကို အုပ်ချုပ်ခဲ့သော တာလီဘန် စစ်သွေးကြွများသည် အရပ်သားများနှင့် အစိုးရတပ်များကို သတ်ဖြတ်ကာ လက်နက်ကိုင် သောင်းကျန်းမှုများ ပြန်လည် လုပ်ဆောင်လာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို