အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ကို တာလီဘန်စစ်သွေးကြွများ တိုက်ခိုက်သဖြင့် ၁၂ ဦး သေဆုံး

၁၉ ဇူလိုင်

 

အာဖဂန်တောင်ပိုင်း ကန်ဒါဟာမြို့ရှိ ရဲဌာနချုပ်များကို လက်နက်ကိုင်စစ်သွေးကြွများ တိုက်ခိုက်ခဲ့သဖြင့် ၁၂ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ခြင်းမပြုမီ ကားဗုံးများ ဖောက်ခွဲခဲ့သည်။

 

ယင်းတိုက်ခိုက်မှုများကြောင့် ကလေးများအပါအဝင် အပြစ်မဲ့အရပ်သားများနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ကြောင်း  ဒေသန္တရတာဝန်ရှိသူများက ဆိုသည်။

 

ထိုတာလီဘန်တို့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

 

ကားဗုံးနှစ်လုံးဖောက်ခွဲခဲ့ပြီး ရဲတပ်ဖွဲ့ရုံးကို စီးနင်းတိုက်ခိုက်ခဲ့ကြသည် ဟု ၎င်းတာလီဘန်တို့က ပြောကြားခဲ့သည်။

 

ယင်း တာလီဘန် တို့က အရှေ့တောင်ပိုင်း ဂါဇနီပြည်နယ်တွင် ဇူလိုင် ၇ ရက်နေ့ က တစ်ကြိမ်နှင့် ကဘူးလ် မြို့တော်တွင် ဇူလိုင် ၁ ရက်နေ့က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

 

၎င်းတာလီဘန်သည် အမေရိကန်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇွန်လက ပြန်လည်စတင်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို