အာမခံရရှိသည့်အလုပ်သမား တစ်ထောင့်ငါးရာနီးပါးကို မေတ္တာရှင်ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်မှုပေးမည်

မန္တလေး ၂၀ ဒီဇင်ဘာ 
 
 
အလုပ်သမားများအတွက် မန္တလေးစက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် မေတ္တာရှင်ဆေးရုံနှင့် လူမှုဖူလုံရေးအဖွဲ့တို့ ပူးပေါင်းပြီး အလုပ်သမား ၁၄၆၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ သိရသည်။
 
 
မန္တလေးစက်မှုဇုန်အတွင်းရှိ အာမခံအလုပ်သမားများ ၁၄၆၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု စတင်ဆောင်ရွက်နိုင်ရန် မေတ္တာရှင်ဆေးရုံနှင့် လူမှုဖူလုံရေးအဖွဲ့တို့  အခုလ ၁၈ ရက်က နေပြည်တော် လူမှုဖူလုံရေးအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၁) တွင် စာချုပ်ချုပ်ဆိုခဲ့သည်။
 
 
‘အာမခံ ဆိုတာ လူမှုဖူလုံရေး အသင်းဝင်ထားတဲ့ အလုပ်သမားတွေကို ပြင်ပလူနာအဖြစ် ကုသတဲ့စနစ်ကို ပထမဦးဆုံး pilot project အနေနဲ့ လုပ်မယ်’ ဟု မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။
 
 
ယခင်က မန္တလေးစက်မှုဇုန်အတွင်းတွင်ရှိသည့် အာမခံရရှိသည့် အလုပ်သမားများသည် ကျန်းမာရေးဝန်ဆောင်မှု ရရှိရန်အတွက် မန္တလေးတောင်အနီးရှိ အလုပ်သမား ဆေးရုံသို့ လာရောက်ပြသရသည်။ 
 
 
‘အရင်က ကျန်းမာရေး ဝန်ဆောင်မှု ကိုခံယူမယ်ဆိုရင် အလုပ်သမားဆေးရုံကို သွားရတယ်။ စက်မှုဇုန်နဲ့ အလုပ်သမားဆေးရုံက ကီလိုမီတာ ၂၀လောက် ဝေးတယ်။ အဲဒီကိုသွားပြီး ဆေးကုမယ်ဆိုရင် အလုပ်သမားတွေအတွက် ခရီးစရိတ်တွေ ကုန်တယ်’ဟု ဦးမောင်မောင်ဦးကပြောသည်။ 
 
 
ယခုအခါ မန္တလေးစက်မှုဇုန် ကနောင်မင်းသားကြီးလမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် ဖွင့်လှစ်ထားသည့် မေတ္တာရှင်ဆေးရုံတွင် ကုသနိုင်ပြီဖြစ်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ခရီးစားရိတ် သက်သာခြင်းများ ရရှိနိုင်မည်ဖြစ်သည်။ ယခုအခါ မေတ္တာရှင်ဆေးရုံတွင် ပြင်ပလူနာများသာ ကုသမှု ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး အတွင်းလူနာများပါ ကုသနိုင်ရန် ဆေးရုံတွင် လိုအပ်သည့် ဆေးကုသသည့် ပစ္စည်းများ တောင်းဆိုထားကြောင်း သိရသည်။
 
 
‘အခုက ပြင်ပလူနာလောက်ပဲကုတာ။ နောင်တစ်ချိန်မှာ အတွင်းလူနာကုတာတွေ၊ မီးဖွားတာတွေ၊ အထူးကု ဆရာဝန်တွေနဲ့ ဆေးကုတာတွေ၊ ဓာတ်မှန်တွေ အာထရာဆောင်း ရိုက်တာတွေ စတဲ့ ဆေးရုံနဲ့ပတ်သတ်တဲ့ ရှိသင့်တဲ့ စက်ကိရိယာပစ္စည်း တွေနဲ့ အလုပ်သမားတွေကို ကုလို့ရရင် ပိုကောင်းတယ် ဆိုတဲ့အကြောင်း တောင်းဆိုထားပါတယ်’ ဟု ဦးမောင်မောင်ဦးက ပြောသည်။
 
 
အိမို့မို့ခိုင်