အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နှစ်နိုင်ငံကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားလျက်ရှိ

ဘာကူ ၂ အောက်တိုဘာ

 

အလယ်ပိုင်း အာရှနိုင်ငံများဖြစ်သည့် အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့ကြား ပြင်းထန်သည့်စစ်ပွဲများ ဖြစ်နေသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနှင့် ၎င်းတို့ နှစ်နိုင်ငံသည် နာဂေါ်နို-ခါရာဘတ် ဒေသကြောင့် စစ်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် အောက်တိုဘာ ၁ ရက်က ဖော်ပြလိုက်သည်။

 

နှစ်နိုင်ငံကြား အဆိုပါနယ်မြေနှင့်ပတ်သက်ပြီး အငြင်းပွားမှုသည် ဆယ်စုနှစ်အတော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ပွဲအထိ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်ဖြစ်ပွားသည့် စစ်ပွဲသည် ပြီးဆုံးမည့်သဘော မတွေ့ရဘဲ ဆက်လက်အရှိန်မြင့်တက် လျက်ရှိသည်။

 

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော ပဋိပက္ခသည် စက်တင်ဘာ ၃၀ ရက်တွင် လေးရက်မြောက်နေ့သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက ယခုအချိန်အထိ အာမေးနီးယား စစ်သား ၂၃၀၀ သေဆုံးခဲ့ကာ တင့်ကားနှင့် အခြားသံချပ်ကာယာဉ် ၁၃၀၊ အမြောက်နှင့် ဒုံးကျည်စနစ်အခု ၂၀၀၊ လေကြောင်း ကာကွယ်ရေးစနစ် ၂၅ ခု၊ စောင့်ကြည့် စခန်းနှင့် ကွပ်ကဲအုပ်ချုပ်ရေးစခန်း ခြောက်ခု၊ လက်နက်သိုလှောင်ရုံ ငါးခု၊ ယာဉ် ၅၅ စီး ဖျက်ဆီးခံခဲ့ရကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

 

ထို့အပြင် အာမေးနီးယား၏ အက်စ်-၃၀၀ ဒုံးခွင်းဒုံးစနှစ် တစ်ခုလည်း စက်တင်ဘာ ၂၉ ရက် ခိုလေဒေသ တိုက်ခိုက်မှုတွင် ဖျက်ဆီးခံခဲ့ရကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက ထပ်လောင်းအတည်ပြု ဖော်ပြထားသည်။

 

အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင် ၇၉၀ သေဆုံးခဲ့ပြီး ၁၉၀၀ ဒဏ်ရာရရှိခဲ့ကြောင်းအာမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြုနှင့် စစ်ရေး ဆိုင်ရာ ကျွမ်းကျင်သူနှင့် သုတေသီ အော့စ်ရမ်ဟော့ဗ်ဟန်နီရှန်က နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားနေစဉ် စက်တင်ဘာ ၂၉ ရက်က ပြောကြားလိုက်သည်။ ။

 

ထို့အပြင် အားမေးနီးယား စစ်တပ်က အဇာဘိုင်ဂျန်ဘက်မှ တင့်ကားနှင့် သံချပ်ကာ ၁၃၇ စီး၊ ယူအေဗွီ ၇၂ စီး၊ ရဟတ်ယာဉ် ခုနှစ်စင်းနှင့် လေယာဉ်တစ်စင်းတို့ကို စစ်ပွဲအတွင်း ဖျက်ဆီးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားလိုက်သည်။

 

စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းအထိ နာဂေါ်နို-ခါရာဘတ်ဒေသ ရှေ့တန်းစစ်မျက်နှာတွင် တစ်ဖက်နှင့် တစ်ဖက်ပြင်းထန်စွာ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှူရှန် စတီပန်ရန်က ပြောကြားလိုက်သည်။ အရပ်သား သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

 

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် အဆိုပါ တောင်ကုန်း ထူထပ်သောဒေသတွင် ၁၉၈၈ ခုနှစ် ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အပစ်ရပ်သဘောတူညီမှု ပြုလုပ်ခဲ့သည့် ၁၉၉၄ ခုနှစ်မှစကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက်ကြားတွင် မကြာခဏဆိုသလို အသေးအဖွဲပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။

 

ဆင်ဟွာ