အားလုံးပါဝင်ပြီး ရလဒ်ကောင်းများ ဆောင်ကြဉ်း

၁၈  အောက်တိုဘာ

 

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲမှ သဘောတူထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်မှာ ငြိမ်းချမ်းရေး အောင်မြင်မှုအဆင့် တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

 

သဘောတူညီချက်များမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၊ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ (၃) ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေး လုပ်ငန်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့်ကိစ္စရပ်များအား ဖြေရှင်းကျော်လွှားနိုင်ရေး၊ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ NCA အခန်း(၅)၊ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း အပိုဒ် ၂၀ (ဂ)ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ အားလုံးပါဝင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရေးတို့ ရရှိခဲ့သည်။

 

ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ နိုင်ငံရေးလမ်းပြမြေပုံပါ အချက်များမှာ လွန်စွာအရေးကြီးပြီး ယင်းတွင် ပြန်လည်ပေါင်းစည်းရေးအတွက် လမ်းစဖော်ထုတ်နိုင်ခဲ့သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် တပ်မတော်တစ်ခုတည်း ရှိခြင်းသည် အရေးကြီးသော အချက်ဖြစ်ပြီး ယင်းကိုလက်ခံခဲ့သည်မှာ အောင်မြင်မှု ရလဒ်တစ်ခုပင်ဖြစ်သည်။ ထို့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ လိုအပ်ချက်ဖြစ်သည့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် NCA စာချုပ်လက်မှတ်ရေးထိုးထား သောအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ခြင်းမှာ အလားအလာကောင်းများကို ရရှိလိုက်ခြင်းပင်ဖြစ်သည်။

 

အားလုံးပါဝင်ရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အလွန်အရေးပါပြီး ယင်းသို့ ပါဝင်လာနိုင်အောင်လည်း ကြိုးပမ်းအားထုတ်နေပြီး တပ်မတော်နှင့်ငြိမ်းချမ်းရေးကော်မရှင်တို့ ပွင့်ပွင့်လင်းလင်း အဖြေရှာကြသည်မှာ ကောင်းသော လက္ခဏာဖြစ်သည်။ လက်ရှိတွင် အလားအလာ ကောင်းများရရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်လာနိုင်ရေးအတွက် လက်မှတ်ထိုးပြီးသော၊ မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ထိပ်သီးအစည်းအဝေးတစ်ခု ခေါ်ယူသွားရန် လက်မှတ်ရေးထိုးပြီး အဖွဲ့များက ကြိုးပမ်း ဆောင်ရွက်နေပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ကျင်းပနိုင်ရန် စီစဉ်နေသည်ကို နိုင်ငံတော်အစိုးရထံ တင်ပြထားကြောင်း သိရသည်။ ထို့ကြောင့် ယခုကျင်းပနေသည့် ငြိမ်းချမ်းရေးဆိုင်ရာ သီးသန့်အစည်းအဝေးသည် ကောင်းမွန်သော လက္ခဏာများကို ဆောင်ကြဉ်းနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် အရေးကြီးသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး မပြိုကွဲရေး၊ တည်တံ့ခိုင်မြဲရေးကို ရှေးရှု၍ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့် တည်ဆောက်သွားရန် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ