အားလပ်ရက် အပန်းဖြေစေချင် မကွေးရွှေမြို့တော်တစ်ခွင်

မကွေး ၂၆ ဖေဖော်ဝါရီ

 

မကွေးတိုင်း ဒေသကြီးသည် သမိုင်းဝင် တန်ခိုးကြီး ဘုရားများဖြစ်သော မကွေးမြသလွန် စေတီတော်၊ ကျောင်းတော်ရာဘုရား၊ စက္ကိန်းတဲဘုရား၊ မန်းရွှေစက်တော် ဘုရားများ ရှိသောကြောင့် ဘုရားဖူး ပြည်သူများကို ဆွဲဆောင်နေသော တိုင်းမြို့တော် တစ်ခု ဖြစ်သည်။

 

 

မကွေးမြို့တော်ကြီးမှာလည်း တိုင်းမြို့တော် အင်္ဂါရပ်နှင့်အညီ လမ်းများမှာ ကျယ်ဝန်း ကောင်းမွန်လျှက်ရှိပြီး အညာဒေသ၏ သရုပ်ပြဖြစ်သော လက်ပံပင်၊ ပေါက်ပင်၊ စိန်ပန်းပင်တို့မှ ပန်းပွင့်များနှင့် လမ်းတစ်လျှောက် ပနံတင့်လှသည်။ မကွေးမြို့၏ တန်ခိုးကြီးနာမည်ကျော် မြသလွန်ဘုရားကို ဖူးမျှော်နိုင်ပြီး ခရီးသွား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ နားခိုနိုင်ရန် ဘုရားကြီး၏ တည်းခိုဆောင်များတွင်လည်း တည်းခိုနိုင်ပြီး ဘုရားကြီး၏ သဲသောင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း၊ သဲသောင်ပြင်ပေါ်ရှိ တဲလေးများတွင် အကြော်၊ အသုပ်စုံ၊ ဖရဲသီးစားရသည်မှာလည်း ပျော်စရာတစ်မျိုးကောင်းလှသည်။

 

ကလေးများမှာလည်း သဲသောင်ပြင်ပေါ် ကစားရသည်ကို အလွန်ပျော်ရွှင်ကြသည်။ ထိုမှဆက်၍ မြသလွန်ကုန်းတော်နှင့် တစ်ဆက်တစ်စပ်ထဲ တည်ရှိသည့် ရုပ်ရှင်တော်မြတ်နှီး ဘုရားကြီးနှင့် ကံ့ကော် တစ်ထောင် ဘုရားများကိုလည်း ဆက်လက်ဖူးမျှော်နိုင်သည်။

 

မကွေးမှ မင်းဘူးမြို့သို့ ရောက်လျှင် ရှင်ပင်စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်ဘုရားနှင့် မင်းဘူးဘုရားတို့ကို ဖူးမျှော်နိုင်ပြီး မန်းရွှေစက်တော် ဘုရားသို့ သွားရာလမ်းတစ်လျှောက်တွင် ကားများ ခေတ္တ ရပ်နားသည့် လေးပင်စခန်းနှင့် သုံးမိုင်လမ်းခွဲ တစ်ဝက်တွင်ရှိသော စားသောက်ဖွယ် မျိုးစုံရရှိပြီး ဘုရားဖူးများအား ဆန်းသစ်သော ဒီဇိုင်းအတွေးအခေါ်များနှင့် ဆွဲဆောင်ဖွင့်လှစ်ထားသည့် (၅၂၈) စားသောက်ဆိုင်တွင် စားသောက်ရင်း သာယာလှပသော ရှုခင်းများနှင့် အမှတ်တရဓါတ်ပုံ ရိုက်အနားယူနိုင်ပြီး ဆက်လက်ထွက်လာလျှင် မန်းချောင်းနံဘေးရှိ ဆွဲဆောင်မှုအပြည့်ရှိသည့် ဥယျာဉ်ရွာ အပန်းဖြေ စခန်းလေးသို့လည်း ဝင်ရောက်လည်ပတ်နိုင်သည်။ 

 

မန်းရွှေစက်တော် ဘုရားကြီးကို ရောက်လျှင်လည်း ကားရပ်နားကွင်းပါ ပါသည့် နမ္မဒါ(၂)တည်းခိုဆောင်မှာ ဝန်ဆောင်မှု ကောင်းမွန်သည့်အပြင် နားနေဆောင်များအား သံဖရိန်များနှင့် ဆောက်လုပ်ထားပြီး၊ စားသောက်ခန်းပါတွဲလျှက် ဖွင့်လှစ်ထားသဖြင့် တည်းခိုသူများအတွက် အထူးအဆင်ပြေလှသည်။

 

ရွှေစက်တော်တွင် ညအိပ်၍ ဘုရားကြီးအား စိတ်အေးချမ်းသာစွာ ဘုရားဖူးရင်းဘုရား၏ ညရှုခင်းများမှာလည်း သဘာဝ၏ ပန်းချီကားတစ်ချပ်အသွင် တွေ့မြင်နိုင်သည်။ နံနက်အာရုဏ်တွင် ဘုန်တော်ကြီးများအား ဆွမ်းလောင်ရသည်မှာလည်း ကြည်နူးစရာကောင်းလှသည်။ အပြန်တွင် ဒေသထွက် အစားအစာများဖြစ်သည့် ဝက်မြေဥ၊ စွန်ပလွန်သီး၊ မျှစ်ခြောက်နှင့် အခြားပစ္စည်း အမျိုးမျိုးတို့ကိုလည်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူနိုင်သည်။

 

ရွှေစက်တော်မှ မုံရွာ-ပုသိမ် လမ်းအတိုင်း (၁၀)မိုင်ခန့်အကွာတွင် ဆည်တော် အပန်းဖြေစခန်းရှိပြီး ထိုအပန်းဖြေစခန်းသည်လည်း ခရီးသွားများအား စွဲဆောင်သည့် နေရာတစ်ခုအဖြစ် ထင်ရှားသည်။

 

အချို့ဘုရားဖူး ကားများမှာ ရွှေစက်တော်တွင် ညမအိပ်ဘဲ ဆည်တော်တွင် ရေချိုးအပန်းဖြေရင်း စာကလေးကြော်၊ ငုံးကြော်၊ ပုဇွန်ကြော်၊ ငါးကြော်များအား ဆီထမင်းနှင့်စားရင်း၊ အုန်းစိမ်းရေ သောက်ရင်း အပန်းဖြေ ကြသည်မှာလည်း ပျော်စရာကောင်းလှသည်။

 

ဆည်တော်မှတစ်ဆင့် ကျောင်းတော်ရာဘုရားသို့ မြောင်းဘောင်လမ်းအတိုင်း သွားရောက်ဖူးမျှော်နိုင်ပြီး စလင်းမြို့ရှိ ဝက်သည်းကန် ဘုရားကြီးတွင် အပျော်စီးသည့် စက်လှေများကို စီးရင်း ဘုရားဖူးရသည်မှာလည်း ပျော်စရာ ကောင်းလှသည်။ စလင်းမှတစ်ဆင့် ဆိပ်ဖြူသို့ သွားရောက်ပြီး ဆိပ်ဖြူ-ချောက် အနော်ရထာတံတား ကိုဖြတ်ကူး၍ ပုဂံ-ညောင်ဦးသို့လည်း ဘုရားဖူး သွားရောက်နိုင်သည်။

 

အဆိုပါဘုရားဖူး အပန်းဖြေနေရာများအား တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သာမက အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး အပန်းဖြေလာသူများနှင့် အထူးစည်ကားလျှက်ရှိပြီး ယခုအခါတွင် ကျောင်းသားများမှာလည်း တက္ကသိုလ်ဝင်တန်းမှအပ စားမေးပွဲများပြီးပြီဖြစ်ပြီး တပေါင်းလပြည့်နှင့်ဆက်၍ ဝန်ထမ်းများမှာ လည်းရုံးပိတ်ရက်(၄)ရက် ရှိသောကြောင့် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့် မကွေးရွှေမြို့တော်သို့ လာရောက် အပန်းဖြေရန် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများအား ဖိတ်ခေါ်လိုက်ရပါကြောင်း။

 

မေသူလွင်(မကွေး-ကိုယ်ပွား)