အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုင်းတုံ ၂၉ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မြို့မအားကစားကွင်း၌ (၄၃)ကြိမ်မြောက် အာခါတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် နံနက်က အာခါတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက စုပေါင်း နှစ်သစ်ကူးပွဲတော် မိန့်ခွန်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက (၄၃) ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားပြီး အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလှက ဗမာဘာသာဖြင့်လည်းကောင်း၊ အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရေး နာယက ဦးမင်းညိုက အာခါဘာသာဖြင့်လည်းကောင်း စုပေါင်းနှစ်သစ်ကူးပွဲတော် နှုတ်ခွန်းဆက်စကားကို ပြောကြားပြီးနောက် စုပေါင်းနှစ်သစ်ကူးပွဲတော် အလှူငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ (၄၃) ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဖူဆယ်ဖလားဘောလုံးပြိုင်ပွဲ ဆုရအသင်းအား ဆုများချီးမြှင့်ခြင်း၊ အာခါတိုင်းရင်းသား လူငယ်မောင်မယ်များက နှစ်သစ်ကူး တေးသီချင်းနှင့် အာခါတိုင်းရင်းသားများ၏ ရှေးရိုးရာ အဆိုအကနှင့် ခေတ်ပေါ်တိုင်းရင်းသားအက၊ ပဒေသာအကများဖြင့် ဖျော်ဖြေခြင်း၊ အာခါတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းများ လိုက်လံပြသခြင်း၊ အာခါတိုင်းရင်းသားများ၏ ရိုးရာဟင်းလျာများဖြင့် တည်ခင်းဧည့်ခံခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

အာခါတိုင်းရင်းသားများသည် ရှေးအစဉ်အဆက်က နှစ်သစ်ကူးပွဲတော်များကို မိမိတို့နေထိုင်ရာဒေသအလိုက် ကျင်းပခဲ့ရာ ၁၉၇၅ ခုနှစ်တွင် အာခါတိုင်းရင်းသားလူမျိုးစုကို အခြေခံကိုယ်စားပြုသည့် ''အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်'' တစ်နည်းအားဖြင့် ''အာခါအမျိုးသားနေ့''ကို နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၃) ကြိမ်မြောက် ဖြစ်သည်။

 

ပွဲတော်သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် စစ်ဘက်ဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အာခါတိုင်းရင်းသား ရိုးရာထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲ ဦးမင်းညို၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ နိုင်ငံခြားသားလေ့လာသူများ၊ သတင်းမီဒီယာများ စုံလင်စွာတက်ရောက်ကြောင်း သိရသည်။

 

၁၁၁