အာခါတိုင်းရင်းသားလူမျိုးစုများအကြောင်း

ဉာဏ်ကောင်းဆက်၊ဓာတ်ပုံ- ဌေးအောင်

 

သမိုင်းကြောင်း

 

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်သည့် အာခါတိုင်းရင်းသားလူမျိုးစုများသည် တိဘက်တိုဘာမားဟုခေါ်သော တိဘက်မြန်မာအုပ်စုဝင်ဖြစ်သည်။ တိဘက်ကုန်းပြင်မြင်မှတစ်ဆင့် မဲခေါင်မြစ်ဝှမ်းဒေသဖြစ်သော မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

“အာခါတိုင်းရင်းသား လူမျိုးစုတွေဟာ ၁၁ ရာစုအစပိုင်းက မြန်မာနိုင်ငံအတွင်းကိုစတင်ဝင်ရောက် အခြေချနေထိုင်ခဲ့ပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းဖြစ်တဲ့သံလွင်မြစ်အရှေ့ခြမ်းမှာ နေထိုင်ကြတယ်။လက်ရှိလူဦးရေအရတော့ နှစ်သိန်းပတ်ဝန်းကျင်ရှိပါတယ်။ သံလွင်မြစ်ရဲ့ အနောက်ခြမ်းမှာတော့ မရှိဘူး။ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံကိုအခြေပြုပြီးတော့ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊မိုင်းတုံ စသဖြင့် ၁၀ မြို့နယ်မှာ ပျံ့နှံ့နေထိုင်ကြပါတယ်။ အထူးသဖြင့် မြို့ပေါ်မှာထက်တောင်ပေါ်ဒေသမှာ အခြေချတာပိုများပါတယ်။ သို့သော် ခုနောက်ပိုင်းတော့ ကျန်တဲ့တိုင်းဒေသကြီးတွေမှာရော မြို့ပေါ်၊ ကျေးလက်တွေမှာပါ ပျံ့နှံ့နေထိုင်ပါတယ်။

 

“ကျွန်တော်တို့လူမျိုးစုတွေကတော့ ကိုယ်ပိုင်ဘာသာရှိပါတယ်။ ဒီဘာသာကနေ ဆင်းသက်လာတဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ရိုးရာအမွေအနှစ်နဲ့ ရပ်တည်နေတဲ့ လူမျိုးပဲဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ ခုနောက်ပိုင်းတော့ ရောင်းဝယ်ဖောက်ကားသူတွေလည်းရှိလာတော့ တခြားတိုင်းရင်းသားတွေလိုပဲ ဖြစ်လာပါပြီ။

 

“အာခါတိုင်းရင်းသားလူမျိုးစုတွေရဲ့ ယုံကြည်ကိုးကွယ်မှုအနေနဲ့ ဘာသာတရားကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ပွဲတော်တွေထဲမှာထင်ရှားတာကတော့ ဒီဇင်ဘာလမှာကျင်းပတဲ့ခါးထောင်းဖားပွဲတော် ဖြစ်ပါတယ်”ဟု အာခါတိုင်းရင်းသားလူမျိုးစုတို့၏ သမိုင်းကြောင်းနှင့်ပတ်သက်ပြီး အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးမင်းညိုကပြောသည်။

 

ကိုးကွယ်ယုံကြည်မှု

 

အာခါတိုင်းရင်းသား လူမျိုးစုများသည်အဓိကအားဖြင့် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာကိုးကွယ်မှုများရှိသည်။

 

စာပေသမိုင်း

 

အာခါတိုင်းရင်းသားလူမျိုးစုတို့၏ နှုတ်မှတ်တမ်းတွင် အာခါစာပေရှိသည်ဟု ဆိုစမှတ်ပြုကြသည်။ အာခါစာပေကို ကျွဲသားရေတွင်ရေးမှတ်ထားပြီး အသုံးပြုခဲ့သည်ဟု သိရသည်။ ထိုသို့သုံးစွဲလာခဲ့ရာမှ သယ်ဆောင်ရ၊ထိန်းသိမ်းရခက်ခဲသည့်အတွက် နှုတ်တိုက်ရွတ်ဆိုကာ ရင်ထဲတွင် ထိန်းသိမ်းထားခဲ့ပြီးကျွဲသားရေကို မီးကင်စားရာမှ အာခါစာပေပျောက်ပျက်ခဲ့ရကြောင်း အဆိုရှိသည်။

 

ထို့ကြောင့် အာခါတိုင်းရင်းသားလူမျိုးစုများက မိမိတို့တိုင်းရင်းသားစာပေပြန်လည်ပေါ်ပေါက်ရေး ခေတ်အဆက်ဆက်ပြန်လည်ဖော်ထုတ်ခဲ့ရာ ၂၀ဝ၄ ခုနှစ်တွင် ကက်သလစ်အာခါစာပေနှင့် နှစ်ခြင်းအာခါစာပေ နှစ်ရပ်ပေါင်းစည်းနိုင်ခဲ့ပြီး ပေါင်းစည်းအာခါသတ်ပုံဟု စတင်အသုံးပြုခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် ပေါင်းစည်းအာခါသတ်ပုံမှတစ်ဆင့် တစ်ခုတည်းသော အာခါစာပေကို သတ်မှတ်နိုင်ခဲ့ကာ ယနေ့ကာလတွင် အာခါစာပေကို နိုင်ငံအနှံ့ရှိ အာခါတိုင်းရင်းသားများ သင်ကြားလေ့လာတတ်မြောက် အသုံးပြုနေကြပြီဖြစ် ကြောင်းသိရသည်။

 

ရိုးရာပွဲတော်များ

 

အာခါတိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာအထိမ်းအမှတ်ပွဲတော်များတွင် ခါးထောင်းဖားပွဲတော်သည် အကြီးကျယ်ဆုံးပွဲတော်ဖြစ်ကြောင်းသိရသည်။ ပွဲတော်ကို ထောင်းလဘာလာ၁၂ လပိုင်းတွင်ကျရောက်သော ကျွဲ၊ ကျား၊ယုန်ရက်နေ့တွင် ကျင်းပကြသည်။ တစ်နှစ်တာကြိုးပမ်းလုပ်ကိုင်သမျှသော ဆန်ရေ၊ စပါး၊ကောက်ပဲသီးနှံများသည် မိမိတို့၏စပါးကျီသို့ကောင်းမွန်လုံခြုံစွာ ရောက်ရှိပြီးသော အချိန်ကာလဖြစ်သည့် ထောင်းလဘာလာခေါ် ၁၂ လပိုင်းတွင် ဆင်ယင်ကျင်းပလေ့ရှိသည်။ တစ်နှစ်အတွင်း ဘိုးဘေးတို့၏ ကျေးဇူးစောင့်ရှောက်မှုကြောင့်ရရှိလာသော ကောင်းချီးမင်္ဂလာများကို တစ်ဖန် ဘိုးဘေးတို့အား ကျေးဇူးတင်၊ကျေးဇူးဆက်သောပွဲတော် ဖြစ်သည်။ယင်းပွဲတော်တွင် ဂျင်ပေါက်ကစားလေ့ရှိသည်။

 

ထို့အတူ ဟွန်စီဟွန်မီးပွဲတော်ဟုခေါ်သော ကြက်ဥပွဲတော်ကို နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကူးသောကာလ ဟွန်စီဘာလာ၄ လပိုင်း နောက်ဆုံးပတ်တွင်ကျရောက်သောကျွဲ၊ ကျား၊ ယုန်ရက်နေ့များတွင် ကျင်းပလေ့ ရှိကြသည်။ ယင်းပွဲတော်သည် အာခါဇန်းဘာသာအတွက် လေးနက်ပြီး ဘိုးဘေးတို့၏စေတမန်များဖြစ်ကြသည့် ဖီးမာ၊ ဂျွေမာများကို အထူးတလည်စောင့်ရှောက်ကောင်းချီးပေးသော ပွဲတော်ဖြစ်သည်။ ပွဲတော်ကာလတွင် သက်ကြီးရွယ်အိုများအား ရိုသေကန်တော့ကြပြီး ကလေးသူငယ်များက ကြက်ဥနီများဖြင့် ပျော်ရွှင်စွာကျင်းပလေ့ရှိကြောင်း သိရသည်။

 

ထို့ပြင် ရိုးရာပွဲတော်များအဖြစ် ချဲယ့်ခါအာဖွေဟုခေါ်သော ထွန်တုံးပွဲတော်၊ ရဲခူအာဖွေဟုခေါ်သော ဒန်းစီးပွဲတော်၊ ဇော်လအာဖွေဟုခေါ်သော မိသားစုပွဲတော်၊ စီကျူအာဖွေဟုခေါ်သော မိသားစုအသိအမှတ်ပြု ပွဲတော်၊ ခါးယက်အာဖွေဟုခေါ်သောမကောင်းဆိုးဝါးများအား နှင်ထုတ်သောပွဲတော်၊ချဲနူးအာဖွေဟုခေါ်သော ကောက်သစ်စားပွဲတော်စသည်ဖြင့် ဒေသအလိုက်ကျင်းပလေ့ရှိကြောင်း သိရသည်။

 

ဝတ်စားဆင်ယင်မှု

 

အာခါတိုင်းရင်းသားမျိုးနွယ်စုများသည်ဝါကိုအခြေခံ၍ရရှိသော ချည်ထည်များဖြင့်ရက်လုပ်သည့် အထည်များကို ဝတ်ဆင်လေ့ရှိကြသည်။ အာခါတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုသည် ထူးခြားသောဝိသေသရှိသည့် ဝတ်စုံများ ဖြစ်သည်။ ကျား၊ မ အလိုက်ငယ်ရွယ်သောကာလ ဝတ်စားဆင်ယင်မှု၊ အပျို၊လူပျိုဝတ်စားဆင်ယင်မှု၊ အိမ်ထောင်ပြုနိုင်သောအရွယ် ဝတ်စားဆင်ယင်မှု၊ အိမ်ထောင်ပြုပြီးအရွယ် ဝတ်စားဆင်ယင်မှုများအဖြစ် ခွဲခြားသတ်မှတ်ဝတ်ဆင်လေ့ရှိသည်။

 

ဝတ်စားဆင်ယင်မှုတွင် နေရာဒေသအလိုက်၊ မျိုးနွယ်စုအလိုက် ကွဲပြားခြားနားမှုများရှိကြောင်း သိရသည်။ အထူးသဖြင့်အနက်ရောင်ကိုအခြေခံပြီး ငွေထည်များကိုတန်ဖိုးထား ဝတ်စားဆင်ယင်လေ့ရှိသည်။ အနက်ရောင်ပေါ်တွင် ဝါ၊ စိမ်း၊ နီ၊ ပြာ ရောင်စံပိတ်စများနှင့် ရောင်စုံချည်ကြိုးများကို အသုံးပြုပြီး ပိုမိုတင့်တယ်သောဝတ်စားဆင်ယင်မှုကို ဖန်တီးလေ့ရှိသည်။ အမျိုးသားများထက်အမျိုးသမီးများကို ဦးစားပေးဆင်ယင်ကြသည်။မိမိတို့၏အဝတ်အစားများကို ပွဲတော်များတွင်ဂုဏ်ယူဝတ်ဆင်လေ့ရှိကြောင်း သိရသည်။

 

အာခါလူမျိုးတို့၏အက

 

အတူရှိတဲ့ အာခါလူမျိုးများနေထိုင်ရာအရပ်ဒေသနှင့် သဘာဝအလှတရားတွေအတူရှိတဲ့ တောင်တန်းတွေကို ပျော်ရွှင်စွာအရောက်လှမ်းလာဖို့ ပျူငှာစွာ ဖိတ်မန္တကပြုတဲ့အာခါရိုးရာအက ဖြစ်သည်။ အာခါရိုးရာ နှစ်သစ်ကူးပွဲတော်၊ ရိုးရာဒန်းစီးပွဲများနှင့်အခြားပျော်ပွဲရွှင်ပွဲများတွင် ကပြဖျော်ဖြေသော ရိုးရာအကဖြစ်သည်။ ။

 

ကြေးမုံ