အားကောင်းသောလေဖိအားနည်းရပ်ဝန်းသတိပေးချက်အမှတ်စဉ်(၂၂/၂၀၂၂)

(၂၀၂၂ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

 (က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းကို ဂွမြို့အနီးမှ ရွေ့လျားခဲ့သော မုန်တိုင်းငယ်(Depression)သည်အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ် အားလျော့သွားခဲ့ပါသည်။

(၂) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်

(၁) အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၄.၃.၂၀၂၂)ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ(၁၂)ပေခန့် ရှိနိုင်ပါသည်။

(၃) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low PressureArea)သည်ရခိုင်ပြည်နယ်ကို သံတွဲမြို့အနီးမှ ဆက်လက်ရွေ့လျားနေစဉ် ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်မိုင်(၃၀)မှ (၃၅)မိုင်ခန့်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ  တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ 

(ဃ) အကြံပြုချက်

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေ ကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်း ပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Crd>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန