အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီထံ ဂုဏ်ပြုလွှာပေးပို့

ရန်ကုန် ၆ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့၌ Chinese 8 all ပြိုင်ပွဲဝင်လျက်ရှိသည့် ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ပူးလ် 9 Ball ကစားနည်းမှ တစ်ဦးချင်း ရွှေတစ်ခုနှင့် နှစ်ယောက်တွဲ ရွှေတစ်ခုတို့ကို ရယူပေးခဲ့သော မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီထံ မေ ၅ ရက်က ဂုဏ်ပြုလွှာပေးပို့ခဲ့ကြောင်း သိရသည်။

 

အဆိုပါဂုဏ်ပြုလွှာ၌ “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့တွင် ကျင်းပလျက်ရှိသော Chinese 8 Ball ပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဟောင်းများကို အနိုင်ရရှိခဲ့သော ဘုန်းမြင့်ကျော် (ခ) အားတီအား ပြည်ထောင်စုသမ္မတနိုင်ငံတော်ကိုယ်စား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နောက်ဆက်လက်ယှဉ်ပြိုင်မည့် ပွဲစဉ်များကိုလည်း စောင့်ကြည့်အားပေးလျက်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ဖော်ပြထားသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့၌ Chinese 8 all ပြိုင်ပွဲဝင်လျက်ရှိသည့် ဘုန်းမြင့်ကျော် (ခ) အားတီသည်  ဧပြီ ၂၈ ရက်က ၂၀၁၈ ကမ္ဘာ့ချန်ပီဟောင်း Yu Hai Tao ကို ၂၁ ပွဲ ၁၇ ပွဲ၊ ဧပြီ ၂၉ ရက်က အိုးပင်းချန်ပီယံဟောင်း Li Bo ကို ၂၁ ပွဲ ၁၇ ပွဲ၊ မေ ၃ ရက်က Liu Hai Tao ကို ၂၁ ပွဲ ၁၅ ပွဲ၊ မေ ၅ ရက်က ကမ္ဘာ့ချန်ပီယံကစားသမား Zheng Yu Bo ကို ၂၁ ပွဲ ၁၆ ပွဲဖြင့် အသီးသီးအနိုင်ရှိနေပြီး မေ ၁၅ ရက်တွင် Yang Fan၊ မေ ၁၆ ရက်တွင် Wu Zheng Yu၊ မေ  ၃၁ ရက်တွင် Chu Bing Jie တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်‌ကြောင်း သိရသည်။

 

အာကာစိုး