အားကစားကပေးသော ရွှေရောင်မျိုးဆက်နှင့် မြန်မာ့အနာဂတ်

မိုးမြင့်

မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကား အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်ပါသည်။ 

ထည့်သွင်းကျင်းပသည့် အားကစားနည်း ၄၀ အနက် ၂၀ တွင် မြန်မာအားကစားမောင်မယ်များ ဝင်ရောက်ဆင်နွှဲခဲ့ကြသည်။ ပြေးခုန်ပစ်၊ မြားပစ်၊ လက်ဝှေ့၊ ဘိလိယက်၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော် ခြင်း၊ ဝူရှူး၊ ဘော်လီဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေလှော် (အပြည်ပြည် ဆိုင်ရာလှေ၊ ကနူးကယက်)၊ ပီတန်း၊ ဂေါက်သီး၊ စစ်တုရင်၊ ကာယဗလ၊ Esports နှင့် Kurash အားကစားနည်းတို့တွင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ယခုနှစ်ဆီးဂိမ်းကို မြန်မာ့အားကစားအဖွဲ့များက တစ်နှစ်ခန့် အချိန်ယူပြင်ဆင်လေ့ကျင့်ခဲ့ကြပြီး အချို့ အားကစားအဖွဲ့များဆိုလျှင် တရုတ်၊ တောင်ကိုရီး ယား၊ ယူအေအီး၊ ထိုင်းနိုင်ငံတို့တွင် ကာလရှည်၊ ကာလတို သွားရောက်လေ့ကျင့်ပြင်ဆင်ခဲ့ကြခြင်း ဖြင့် အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်မှု အခွင့်အလမ်းကောင်းများ ရရှိခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။

ပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ဂုဏ်ယူစရာဖြေဖျော်ပြသ နိုင်ခဲ့ကြသည်။ ပြန်ပြောင်းကြည့်ရလျှင် မြန်မာ့သမိုင်းနှင့် အရှေ့တောင်အာရှသမိုင်းတွင် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ၌ တတိယအကြိမ်အဖြစ် လက်ခံကျင်းပခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးသည် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးဖြစ်ခဲ့သည်ကို အားလုံးကလက်ခံခဲ့ကြသည်။ ထိုတစ်ကြိမ်ပွဲတော်တွင် မြန်မာနိုင်ငံက နိုင်ငံအလိုက် ဒုတိယရရှိခဲ့သည်။ ထိုစဉ်ကပြိုင်ပွဲကျင်းပမှု၊ ခမ်းနားမှုနှင့် စည်းကမ်းနည်းကျ စနစ်တကျရှိမှုအားလုံး အသိအမှတ်ပြု ချီးမွမ်းခံခဲ့ရပြီး နိုင်ငံအားလုံးကလည်း တစ်ခဲနက်ကျေနပ်အားရခဲ့ကြသလို မြန်မာတို့အတွက် ဂုဏ်ယူဖွယ်မှတ်တမ်းတစ်ခုအဖြစ်လည်း ယခုအချိန်အထိ အမှတ်တရရှိနေဆဲဖြစ်ပါသည်။ 

တူညီမျှတ ညီရင်းအစ်ကိုပမာ စိမ်းလန်းရဲရင့်မှု ဂုဏ်ပုဒ်တို့နှင့်အတူ 


အားကစားမောင်မယ်တို့သည် ဝါစိမ်းနီ နိုင်ငံတော်အလံအောက်တွင် တူညီခြင်းနှင့် မျှတခြင်း၊ ညီရင်းအစ်ကိုရင်းချာများပမာ၊ စိမ်းလန်းသော သဘာဝတရား၊ မြတ်နိုးတန်ဖိုးထားမှု ဂုဏ်ပုဒ်တို့ နှင့်အတူ ရဲရင့်ခြင်း၊ ဇွဲလုံ့လဝီရိယတို့ဖြင့် ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြသည်ကို တွေ့ရသည်။ နိုင်ငံ တကာအားကစားပြိုင်ပွဲတစ်ခုတွင် သွားရောက်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံတော်ကို ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု ခံယူခဲ့ကြသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် တိုင်းရင်းသားပြည်သူအားလုံးကို ကိုယ်စားပြု၍ သွားရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
 
ပါတီတစ်ခု၊ အသင်းအဖွဲ့တစ်ခုတည်းကို ကိုယ်စားပြုခြင်းလည်းမဟုတ်၊ တပ်မတော်တစ်ခုတည်းကို ကိုယ်စားပြုနေခြင်းလည်းမဟုတ်သည်ကို နားလည်သိရှိ သဘောပေါက်ကြပါသည်။ အားလုံးကို ကိုယ်စားပြုခြင်းဖြစ်၍ ပြိုင်ပွဲ၏ရလဒ် အဆိုး၊ အကောင်းအားလုံးသည် နိုင်ငံနှင့်ပြည်သူ အားလုံးအပေါ် ထင်ဟပ်သည်သာဖြစ်သည်။ ပြည်သူ အချို့၊ အဖွဲ့အစည်းအချို့၏ အဆိုးမြင်သဘောများကို လျစ်လျူရှု၍ အနိုင်မခံအရှုံးမပေး၊ မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်ကို ဂုဏ်ယူစွာဖြင့် အသိအမှတ်ပြုရမည်သာဖြစ်သည်။ 

နိုင်ငံတော်အလံ တလူလူလွင့်

အားကစားနည်းပေါင်းစုံတွင် ဆုတံဆိပ်များ အနည်းနှင့်အများကို မည်သို့မည်ပုံ ချိတ်ခဲ့ကြမည် ဆိုသည့် မြန်မာပြည်သူတို့၏ မျှော်လင့်ချက်အပြည့်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းနိုင်ခဲ့ကြ၍လည်း ကျေနပ်ဝမ်းသာပီတိဖြစ်ရပါသည်။ နိုင်ငံတိုင်းက အားကစားကို ရူးသွပ်ကြရာတွင် မြန်မာပြည်သူများ လည်း အပါအဝင်ဖြစ်သည်။ နိုင်ငံတကာအားကစား ပြိုင်ပွဲဝင်သည်ဆိုရာဝယ် ပါဝင်ယှဉ်ပြိုင်သူများရော၊ ကြီးကြပ်သူခေါင်းဆောင်များပါ တာဝန်ကြီးလှသည်။ ကိုယ့်အတွက်ရော၊ နိုင်ငံအတွက်ရောဟူသည့် ဖိစီးမှုများကား ကြီးမားလှသလို ၎င်းဖိစီးမှုများအားလုံးကို ကျော်ဖြတ်လွန်မြောက်နိုင်မှလည်း အောင်မြင်မှု ဆိုသည်ကို ရနိုင်ပါသည်။ 

နိုင်ငံတကာအဆင့် ရွှေ၊ ငွေ ၊ ကြေး ဆုတံဆိပ်ဟူသည် လွယ်လွယ်နှင့်တော့မရနိုင်၊ အပင်ပန်းခံပြီး များစွာအားထုတ်ကြိုးစားကြရသည်။ အောင်မြင်မှုရဖို့ အားကစားသမားတစ်ယောက်အနေဖြင့် စားချိန်၊ အိပ်ချိန်ကလွဲပြီး ကျန်အချိန်များကို လေ့ကျင့်ရင်းနှင့်သာ ကုန်ဆုံးရသည်။ ပြိုင်ပွဲကို အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ်ခံယူပြီး မိမိနိုင်ငံတော်အလံကို ပြိုင်ဘက်များအကြား တလူလူ လွှင့်တင်နိုင်အောင်၊ ကိုယ်လွှင့်တင်လိုက်သည့် အလံကို ပြိုင်ဘက်များ၏ အလေးပြုခံယူနိုင်အောင် အကောင်းဆုံးယှဉ်ပြိုင်ကြရသည်။ 

ယခင်အကြိမ်များထက်သာလွန်သော 

ယနေ့မြန်မာ့အားကစားမောင်မယ်များ နိုင်ငံ့ဂုဏ်ကို ယခင်နှစ်များကထက် စွမ်းဆောင်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။ ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် မြန်မာနိုင်ငံတွင် လက်ခံကျင်းပခဲ့သည့် ပြိုင်ပွဲများကလွဲ၍ အခြားနိုင်ငံများတွင်ကျင်းပသော ပြိုင်ပွဲများတွင် ရွှေ ၊ ငွေ၊ ကြေး ဆုရရှိမှုကို များစွာမျှော်လင့်၍ မရနိုင်ပါ။ အထူးသဖြင့် ဘောလုံးအားကစားတွင် ဖြစ်သည်။ အခြားအားကစားနည်းများနှင့် နှိုင်းယှဉ် လျှင် တစ်မျိုးသားလုံးနှစ်သက်သည့် ဘောလုံးပြိုင်ပွဲ ကို ရဲရဲကြီးမမျှော်လင့်ရဲသည်မှာ ကြာခဲ့ပြီဖြစ်သော် လည်း ယခုနှစ်ပြိုင်ပွဲ အမျိုးသားပွဲများတွင်မူ တိုးတက်မှုယောင်ယောင်လေးတော့ တွေ့ရပြီထင်သည်။ အမျိုးသမီးပြိုင်ပွဲကတော့ ယခင်နှစ်ရလဒ်များ အတိုင်းပင် ရလဒ်ကောင်းများ တွေ့နေရဆဲဖြစ်သည်။ 

သူ့နိုင်ငံ၊ သူ့မြေ၊ သူ့ရေ၊ သူ့ပရိသတ်ရှေ့မှောက်တွင် ကိုယ်လိုချင်သည့် ရည်မှန်းချက်အတိုင်း အကောင်းဆုံးရဖို့က မလွယ်ကူလှပါ။ အထူးသဖြင့် အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် အားကစားပွဲများတွင် ဖြစ်သည်။ အားကစားသမားအားလုံးကတော့ ရွှေ၊ ငွေ၊ ကြေး သုံးခုမှာ ရွှေတံဆိပ်ကိုသာ လိုချင်ကြမည် သာ။ အချို့အားကစားနည်းများဆိုလျှင် ဆုတံဆိပ်ရဖို့ နှစ်ပေါင်းဆယ်စုနှစ်တစ်ခုစာမျှ စောင့်စားခဲ့ကြ ရသည်။ အချို့အားကစားနည်းများတွင် ယခင်နှစ်များက ငွေတံဆိပ်၊ ကြေးတံဆိပ်ရခဲ့သည့် အားကစား နည်းများက ယခုတစ်ကြိမ်တွင်မူ ရွှေတံဆိပ်များ ရခဲ့ကြသည်ကို တွေ့ရသည်။ 


ယခုတစ်ကြိမ်ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်းရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခုဖြင့် ဆုတံဆိပ်ပေါင်း ၆၂ ခု ရရှိ အောင်မြင်ခဲ့ကြသည်။ ယခုရွှေတံဆိပ်ရရှိမှု အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသော (၂၇) ကြိမ်မြောက်ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈၇ ခုရရှိခဲ့ပြီးနောက်ပိုင်း ရွှေတံဆိပ်အများဆုံးဖြင့် ပြန်လည်အောင်ပွဲခံနိုင်မှုပင် ဖြစ်သည်။ 

နိုင်ငံအလိုက် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဒီကရီကို ရွှေတံဆိပ်အရေအတွက်ဖြင့်သာ တိုင်းတာဖော်ပြကြရာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဆီးဂိမ်းတွင် ရရှိခဲ့သည့် ရွှေတံဆိပ်အရေအတွက်သည် လေးခုသာဖြစ်သည့်အတွက် ယခုနှစ်ပြိုင်ပွဲဆုရရှိမှုအခြေအနေကို အောင်မြင်မှုတစ်ခုအဖြစ် မှတ်ယူရမည်သာဖြစ်ပါသည်။ အားကစားနည်းများအရကြည့်လျှင်လည်း ယခင်တစ်ကြိမ်က မြားပစ်၊ ဘိလိယက်၊ 99 ball နှင့် ရွက်လှေလှော်ပြိုင်ပွဲများတွင်သာ ရွှေတံဆိပ်များ ရရှိခဲ့ကြပြီး ယခုပြိုင်ပွဲတွင်မူ ဗိုဗီနမ်၊ ဝူရှူး၊ ကာယ ဗလ၊ Kurash၊ ဘိလိယက်၊ ပိုက်ကျော်ခြင်းနှင့် ပီတန်း အားကစားနည်းများတွင် ရွှေတံဆိပ်များရရှိခဲ့ ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နောင်ပြိုင်ပွဲများတွင် ယခုထက်ပိုမိုသာလွန်သည့် အစဉ်အလာရှိ အားကစားနည်းများစွာ ပေါ်ထွက်လာနိုင်မည့် အလားအလာများ ရှိနေသည်ဟုလည်း ယုံကြည်မိပါသည်။ 

တွန်းအား 

ယခုအားကစားပြိုင်ပွဲကြီးတွင် ကြိုးစားပမ်းစား နောက်ဆုံးအကြိမ်အထိ အားသွန်ခွန်စိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းကြောင့် ရရှိလာသည့် ရလဒ်များက မြန်မာတစ်မျိုးသားလုံး၏ ကြီးမားသော မျှော်လင့်ချက်သဘောဆန္ဒများနှင့် တညီတညွတ် တည်းဖြစ်သည်ဟု ဆိုချင်ပါသည်။ တစ်မျိုးသားလုံး၏ အားပေးမှုရှေ့မှောက်တွင် မြန်မာအားကစားမောင်မယ်များ တာဝန်ကျေခဲ့ကြပါပြီ။ ယခင်အကြိမ်များက ရလဒ်များနှင့်နှိုင်းယှဉ်၍ ထပ်ဆင့်ပိုကဲသော အောင်ပွဲတစ်ခုအဖြစ်လည်း သမုတ်ချင်ပါသည်။ 


သို့ဆိုလျှင် ဤသို့သော အောင်ပွဲတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်ကြပါစို့။ အခက် အခဲပြဿနာများ၊ များစွာသောအကျပ်အတည်းများ ကြားကပင် ယခင်အကြိမ်များထက် ပိုမိုသာလွန် သည့် နိုင်ငံတော်အစိုးရ၏ အားပေးပံ့ပိုးမှုများ၊ ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောက်စားမှုများက ပြည်တွင်းပြည်ပဖိအားပေါင်းစုံအောက်တွင် ရင်ဆိုင်ယှဉ်ပြိုင်ပြီးမှ ရရှိခဲ့သည့်အောင်မြင်မှုများအတွက် ကြီးမားသောတွန်းအားများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံပုံရိပ်ကို မညှိုးနွမ်းအောင် စိတ်ဓာတ်ကောင်းကောင်း၊ ဇွဲသတ္တိအပြည့်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည့် အားကစားသမားများ၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်တို့သည် အမျိုးသားရေးတာဝန်တစ်ခုအဖြစ် ခံယူဆောင်ရွက်ရသည့် မည်သည့်နိုင်ငံအရေးတွင်မဆို အောင်မြင်မှု၏အခြေခံဖြစ်သည်ကို တွေ့ရှိရပေလိမ့်မည်။


အားသာချက်များနှင့်အတူ ဖြည့်ဆည်းနေရဦးမည့် လိုအပ်ချက်များ 


မည်သည့်အရေးကိစ္စတွင်မဆို အားသာချက်ရှိသလို လိုအပ်ချက်များလည်းရှိနေနိုင်ပါသည်။ လိုအပ်ချက်များနှင့်အတူ ရှေ့ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရမည့် အခြေအနေများလည်း ရှိနိုင်ပါသေးသည်။ အချို့သောနိုင်ငံများနှင့် အားကစားနယ်ပယ်များတွင် ယခုထက်ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အားကစားဖွံ့ဖြိုးမှု အတွေ့အကြုံများ မျှဝေဖလှယ်ခြင်း၊ လူငယ် အားကစားသမားများ အပြန်အလှန်စေလွှတ်ခြင်း၊ ပူးပေါင်းလေ့ကျင့်ခြင်းများ ပိုမိုဆောင်ရွက်သွားရပါ ဦးမည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသာမက အခြားသောနိုင်ငံတကာပြိုင်ပွဲများသို့လည်း စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြင့် မြန်မာအားကစားသမားများ ပြိုင်ပွဲအတွေ့အကြုံများ ပိုမိုရရှိလာစေမည်ဖြစ်ပါသည်။ ပြိုင်ဘက်နိုင်ငံမှ ပြိုင်ဘက်အားကစားသမားများ၏ တိုးတက်မှုကို အမြဲစောင့်ကြည့် လေ့လာနေရမည်လည်းဖြစ်ပါသည်။

ထို့ပြင် အားကစားသမားတစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပတ်ဝန်းကျင်အပြောင်းအလဲနှင့် ပြိုင်ဘက်ပရိသတ်၏ဖိအားဒဏ် အထူးသဖြင့် အိမ်ရှင်ပရိသတ်၏ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိအောင် စိတ်ပိုင်းဆိုင်ရာ ခွန်အားမြင့်မားစေမည့် အလေ့အကျင့်ကောင်း များဖြင့် လေ့ကျင့်ပြင်ဆင်ထားသင့်သည်ဟု ယူဆပါသည်။ ထို့အတွက် အားကစားကွင်းနှင့် အများ ပြည်သူများ အလွယ်တကူ လာရောက်လေ့ကျင့်နိုင်မည့် အခြေခံအဆောက်အအုံများ၊ အားကစား ကလပ်များ၊ လေ့ကျင့်ရေးအထောက်အကူပြု ကိရိယာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးမှု၊ ထောက်ပံ့ကြေးပံ့ပိုးမှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးနေရမည်ဖြစ်သည်။

ထို့ပြင် ရွက်ပုန်းသီးမျိုးဆက်အားကစားသမားများ ပိုမိုပေါ်ထွက်လာရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အခြေခံပညာကျောင်း များ၊ တက္ကသိုလ်ကောလိပ်များတွင် အားကစားသရုပ်ပြပွဲများနှင့် အားကစားအသိပညာပေး ဟောပြောပို့ချမှုများ၊ အားကစားဆိုင်ရာအာဟာရများကို တိတိကျကျနှင့် လုံလုံလောက်လောက် ကျွေးမွေးစားသောက်ကြရန်လည်း လိုအပ်နေဦးမည်ဟု ထင်မြင်မိပါသည်။ 

နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု ငြိမ်းချမ်းမှု အတွက် အားများဖြစ်စေပြီ 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုရရှိရန် ပညာရေး ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်က ဟန်ချက်ညီတိုးတက်လာရန် ကြိုးပမ်းအားထုတ်နေရသည့် အခြေအနေတစ်ခုတွင် ယခုကဲ့သို့အောင်မြင်မှုမျိုးသည် မြန်မာ့အားကစား သမိုင်းတစ်ခုကို ရေးထိုးမှတ်တမ်းတင်နိုင်ခြင်း ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူအတွက် ရှေ့ဆက်ရမည့် ခွန်အားသစ်တစ်ခုကိုလည်း မွေးဖွားပေးပါသည်။ ယခုတစ်ကြိမ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ရလဒ်များက နိုင်ငံနှင့်ပြည်သူအတွက် ကံကောင်း ခြင်း၊ တည်ငြိမ်ခြင်းနှင့် မျှတခြင်း၊ မင်္ဂလာရှိခြင်းတို့ကို တစ်ပါတည်းယူဆောင်လာခဲ့ပြီဟု မှတ်ယူမိပါ သည်။ ယခုဆီးဂိမ်းက မြန်မာအားကစားလောကအတွက် စာမျက်နှာသစ်တစ်ရပ်ကို ဖွင့်လှစ်လိုက်သကဲ့သို့ဖြစ်စေသလို နိုင်ငံတော်အတွက်လည်း အင်အားတစ်ရပ်ကိုဖြစ်စေကြောင်း နားလည်ခံစား မိပါသည်။ 

ယနေ့အောင်မြင်မှုများ ရယူပေးခဲ့သည့် အားကစားမောင်မယ်များ၊ ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်လူငယ်များ၏ လှုပ်ရှားမှုများ အားလုံးက နိုင်ငံတစ်ဝန်းမှ လူငယ်မောင်မယ် အားလုံးအတွက် စံနမူနာတစ်ရပ်လည်း ဖြစ်ခဲ့ပါပြီ။ ယခုအားကစားလူငယ်မျိုးဆက်က နောင်မြန်မာ့အားကစားမျိုးဆက်ကောင်းတစ်ခုကို လက်ဆင့်ကမ်း မွေးဖွားပေးနိုင်မည်ဟုလည်း ယုံကြည်ထားပါသည်။ 

ယခုအောင်ပွဲသည် ပြည်သူ့ပီတိ ပြည်သူ့အောင်ပွဲပင်ဖြစ်သည်။ အားကစားပုံရိပ်က နိုင်ငံပုံရိပ်ကောင်းကို အကောင်းဆုံးထင်ဟပ်စေပြီး နိုင်ငံ၏ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည် ကိုတွေ့ရသည်။ ယခုအားကစားပြိုင်ပွဲကြီး၏ ရလဒ်နှင့်အရှိန်အဟုန်က ကျောင်းသားနှင့် လူငယ်ထုအပေါ်၊ အားကစားကဏ္ဍအပေါ် များစွာသက်ရောက်မှုရှိမည်ဟု မြင်မိပါသည်။ အားကစားအပေါ် ပြည်သူများ၏ စိတ်ပါဝင်စားမှုလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကာ လူထုအားကစားလှုပ်ရှားမှုများနှင့်အတူ ကျောင်း၊ ရုံးဌာနများတွင် အားကစား လှုပ်ရှားမှုများ ပိုမိုအသက်ဝင်လာမည်ဟု ယူဆမိပါသည်။ ကိုယ်စီ ကိုယ်စီ အခက်အခဲနှင့် အကျပ်အတည်းများကတော့ရှိနေနိုင်ပါသည်။ သို့သော် မိမိ၏ကျန်းမာရေးနှင့် တစ်ကိုယ်ရေဖွံ့ဖြိုးရေးအတွက် အားကစားနည်း တစ်ခုခုကို အချိန်ပေးလုပ်ဆောင်နိုင်ရန် ယခုကဲ့သို့ အောင်မြင်မှုတစ်ခုကို အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူသင့်ပါသည်။ လူငယ်များ၏ စိတ်ဓာတ်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုသည် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်း များစွာဆက်စပ် နေ၍ဖြစ်ပါသည်။ 

ထို့ကြောင့် အနာဂတ်မျိုးဆက်များဟု သတ်မှတ်ခံထားရသည့် ယနေ့လူငယ်များတွင် အားကစားမှ တစ်ဆင့် ရရှိပိုင်ဆိုင်လာသော ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုများက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်းလုံးညီညွတ်မှုအပေါ် အပေါင်းလက္ခဏာဆောင်သောသက်ရောက်မှုများ များစွာရှိလာနိုင်ပါကြောင်းနှင့် အားကစားကဏ္ဍ တိုးတက်မှုက မဝေးလှသောအနာဂတ်တွင် မိမိနိုင်ငံ ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ ရှုမြင်၍ရနိုင်ပြီဖြစ်ပါကြောင်း သုံးသပ်ရေးသား တင်ပြလိုက်ရပါသည်။ ။