အာကာသသို့ ဂြိုဟ်တုနှစ်စင်း တရုတ် ထပ်မံပစ်လွှတ်

၃၀ မတ်

 

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းရှိ ဇီချန် ဂြိုဟ်တု ပစ်လွှတ်ရေး စင်တာကနေ ဒေသစံတော်ချိန် မနက် ၁ နာရီ ၅၆ မိနစ်က လမ်းညွှန်းမောင်းနှင် စနစ်ဖြင့် ဂြိုဟ်တု နှစ်စင်း ထပ်မံ ပစ်လွှတ်လိုက်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါတယ်။ အဆိုပါ ဂြိုဟ်တု နှစ်စင်းလုံးကို Long March -3B ဒုံပျံ တစ်စင်းတည်းနဲ့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး ယခုလို အာကာသကို Long March ဒုံးပျံအမျိုးအစားဖြင့် ဂြိုဟ်တု ပစ်လွှတ်ရာမှာ ၂၆၉ ကြိမ်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

 

 

ဂြိုဟ်တု နှစ်စင်းလုံးဟာ ပစ်လွှတ်ပြီး ၃ နာရီအကြာမှာ အာကာသ ပတ်လမ်းထဲကို ရောက်ရှိပြီး ယခင် ပစ်လွှတ်ထားသည့် ဂြိုဟ်တု ၆ စင်းနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဂြိုဟ်တုနဲ့ ဒုံးပျံကို တရုတ်သိပ္ပံ အကယ်ဒမီက တီထွင်ဆန်းသစ်မှုနဲ့ တရုတ် အကယ်ဒမီက ပစ်လွှတ်ရေး နည်းပညာများ ပူးပေါင်းတပ်ဆင်ခဲ့ကြောင်း သိရပါတယ်။

 

လမ်းညွှန်မောင်းနှင် စနစ်နဲ့ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုတွေဟာ တရုတ်နိုင်ငံမှာ ၂၀ဝဝ ခုနှစ်ကတည်းက စတင် ဝန်ဆောင်မှုပေးနေပြီး တရုတ်နိုင်ငံက ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ပိုးလမ်းမကြီး စီမံကိန်း အဖွဲ့ဝင် နိုင်ငံတွေ အတွက်လည်း ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၂၀ ဝန်းကျင်မှာ ဂြိုဟ်တု ၃၀ ထိ ပစ်လွှတ်ပြီး တစ်ကမ္ဘာလုံးကို လှည့်ပတ်လွှမ်းခြုံနိုင်ဖို့  အကောင်အထည်ဖော် ပစ်လွှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

MDN
ကိုးကား - ဆင်ဟွာ