အာဂ . . . ဆရာတော် ( ရာပြည့်အကြို ပူဇော်ခြင်း )

 

စိုးတင့်(ဧရာဝတီ)

 

၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း ပတ္တမြားပရိယတ္တိစာသင်တိုက်ကြီး၏ ပဉ္စမမြောက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ဘဒ္ဒန္တအရိယဝံသ မဟာထေရ် ဆရာတော်ကြီးသည် စာရေးသူဇနီး ဒေါ်ကြည်ကြည်ညွန့်၏ ဘကြီးတော်စပ်သူဖြစ်ပြီး စာရေးသူ ဘုန်းကြီးကျောင်းသားဘဝတွင် စာပေသင်ကြားပေးဖူးသော ငယ်ဆရာလည်း ဖြစ်ပါသည်။

 

နိုင်ငံတော်သြဝါဒါစရိယ ကျမ်းပြုဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအရိယဝံသ မဟာထေရ် မြတ်ကြီးမှာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန် လပြည့်ကျော် ၈ ရက်၊ ၁၁-၅-၂၀၂၃ ရက်(ကြာသပတေးနေ့) တွင် ရာပြည့်အကြို သက်တော် ၉၉ နှစ်ပြည့်ပြီ ဖြစ်သည်။ မွေးနေ့မင်္ဂလာအခမ်းအနား ဖြစ်မြောက်ရေးအတွက် ဆရာဒကာ အရင်းဖြစ်ပြီး ဆွေမျိုး လည်း တော်စပ်သော စာရေးသူအဖို့ အလုပ်များ နေပါတော့သည်။

 

စာရေးသူသည် ဆရာတော်ကြီးအပေါ် ငယ်ငယ်လေးကတည်းက စွဲစွဲမြဲမြဲကြည်ညိုရင်းစွဲရှိခဲ့ခြင်းကြောင့် ဆရာတော်ကြီး၏ ဘဝဇာတ်ကြောင်းများ၊ ရိုးသားကြိုးစားမှုများ၊ အမှန်တရားအပေါ် မြတ်နိုးမှု များ၊ တိုင်းပြည်နှင့်လူမျိုး၊ အမျိုးဘာသာ သာသနာအပေါ် ချစ်မြတ်နိုးစွာ စွမ်းဆောင်ခဲ့မှုများ၊ စွန့်လွှတ် စွန့်စားမှုများ၊ ထိထိမိမိရှိသော ဩဝါဒများ၊ အဆို အမိန့်များ၊ စာပေများ၊ တရားနှလုံးသွင်း၍ ထူးထူး ခြားခြား နေမှုထိုင်မှုများမှာ စိတ်အစဉ်တွင် အထင်းသား ပေါ်လာပါတော့သည်။

 

ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း

 

ဆရာတော် အရှင်သူမြတ်အား သက္ကရာဇ် ၁၂၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့ ( ၂၅-၅-၁၉၂၄ ရက်) မွန်းတည့် ၁၂ နာရီတိတိ အချိန်တွင် ဟင်္သာတခရိုင် မြန်အောင်မြို့နယ် သပြေ ကုန်းတိုက်နယ် ဆပ်သွားဖူးကျွန်းရွာ၌ ခမည်းတော် ဦးဘိုးသန့်၊ မယ်တော် ဒေါ်အေးညွန့်တို့မှ မွေးဖွား သန့်စင်ခဲ့သည်။ မွေးချင်းခုနစ်ဦးအနက် ပဉ္စမမြောက်သားဖြစ်ပြီး ငယ်နာမည်မှာ မောင်တင်စိန် ဖြစ်သည်။

 

၁၂၉၄ ခုနှစ် ရှစ်နှစ်သားအရွယ်မှစ၍ သပြေကုန်း ကျေးရွာ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တဇနိန္ဒထံတွင် ပညာဆည်းပူး၍ ၁၂၉၈ ခုနှစ်တွင် ထိုကျောင်း၌ ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ သည်။ ၁၃၀၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၂ ရက် တနင်္လာနေ့ နံနက် ၈ နာရီအချိန်တွင် ဝါဆို ကျောင်းတိုက် ဗုဒ္ဓသိမ်တော်မြတ်၌ သပြေကုန်းရွာ ကံသစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဒုမ မဟာ ထေရ်ကို ဥပဇ္ဈာယ်ပြု၍ ဦးကျော်သိန်း + ဒေါ်ချစ်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိခဲ့သည်။

 

၁၃၀၈ ခုနှစ်တွင် ပထမငယ်တန်းအောင်မြင်ခဲ့သည်။ ၁၃၁၄ ခုနှစ်တွင် ပခုက္ကူ မဟာဝိသုတာရာမ တိုက်တွင် စာသင်ကြားခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် ပထမ လတ်တန်းနှင့် ပထမကြီးတန်းအား တစ်နှစ်တည်း နှင့် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၃၁၆ ခုနှစ်တွင် မန္တလေးတောင် ထီးလင်းတိုက်တွင် စာဝါလိုက်ခဲ့ပြီး ကျမ်းရင်းသုံးရင်းကို နှစ်ချင်းပြီး ပြီးမြောက်အောင်မြင်ခဲ့သည်။

 

၁၃၁၇ ခုနှစ် ( ၁၉၅၅ ခုနှစ်)တွင် သိရီပဝရ ဓမ္မာ စရိယဘွဲ့ခံယူရရှိကာ ရဟန်း ၁၁ ဝါ ရသည်မှစ၍ ဟင်္သာတမြို့ အတွင်းပတ္တမြားပရိယတ္တိစာသင် တိုက်၌ အတန်းအသီးသီး ကျမ်းစာများကို မပြတ် ပို့ချခဲ့ပြီး တစ်ဖက်မှလည်း ပထမပြန်ကြီးကြပ်ရေး ဥက္ကဋ္ဌ မြို့နယ်ဝန်ဆောင် မြို့နယ်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် တာဝန်များကို ၁၃၄၆ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။

 

၁၃၄၇ ခုနှစ်တွင် နိုင်ငံတော်ဗဟိုဝန်ဆောင် ဝိနည်းဓိုရ်အဖြစ် ၁၃၅၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်က ဆက်ကပ်သည့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် စတုတ္ထအကြိမ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်က ဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သည်။

 

အလံတံခွန်သဖွယ် ထင်ရှားသော တိုင်းပြည်၏ ကြီးမြတ်သော ဆရာဟု အဓိပ္ပာယ်ရသည့် “အဘိဓဇ မဟာရဋ္ဌဂုရု ဟူသော ဘွဲ့တံဆိပ်တော်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်က ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ယခုအခါ ဆရာတော်သည် သက်တော် ၉၉ နှစ် (ဝါတော် ၇၉ ဝါ) ရှိပြီး ဟင်္သာတ မြို့ အတွင်းပတ္တမြားပရိယတ္တိ စာသင်တိုက်၌ပင် သီတင်းသုံးလျက် တပည့် သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများ၏ အကျိုးစီးပွားအတွက် ဆုံးမသြဝါဒပေးကာ ချီးမြှင့်စောင့်ရှောက်နေဆဲ ဖြစ်သည်။ ဆရာတော် ရေးသားပြုစုခဲ့သည့် ကျမ်းများမှာ -

(၁) ပထမငယ်တန်းအတွက် (၁၆) နှစ် စာမေးပွဲ အဖြေစုံ၊

(၂) မောဂ္ဂလာန် နိဿယ ချနက်ရိုး၊

(၃) မောဂ္ဂလာနတ္တ ဒီပကာ၊

(၄) ဓမ္မာစရိယတက်လမ်း ဈာန်ခန်းပဒေသာ၊

(၅) နဝဂုဏာဒိ ကထာ၊

(၆) ကစ္စာယနသုတ္တဝိဓာန ခေါ် သုတ်အစီရင် သုတ်ဆိုကျမ်း၊

(၇) ပြည်လုံးကပ်ကျော် ဦးပါရဲ တာကြီးတန်း ဘုရားသမိုင်းအကျဉ်းချုပ်နှင့် ပါဠိကျောက် စာတော်

(၈) သာကေတ(၁၀) ရပ်ကွက်၊ (၁၀၈)တောင်၊ မဟာဗောဓိစေတီတော် သမိုင်းနှင့် သမိုင်း ကျောက်စာတော်၊

(၉) နှစ်(၉၀) ဘဝခရီးမှ စပ်မိစပ်ရာ သိမှတ် ဖွယ်ရာ ကဗျာစာစုများ။

 

ဆရာတော်ကြီးသည် ငယ်ဖြူဖြစ်ပြီး မြန်မာစာကို ကိုရင်ငယ်ဘဝကပင် အခက်အခဲများကြားမှ ကြိုးစားသင်ယူခဲ့သူ ဖြစ်သည်။ သူကြိုးစားသလောက် တပည့်များအားလည်း ကြိုးစားစေချင်သည်။ စာပေကျမ်းဂန်များကို သေသေချာချာ မလေ့လာ၊ မကြိုးစားပါက ထိထိမိမိ အပြစ်ပေး အရေးယူတတ်သည်။ တစ်ခါတစ်ရံ ကရုဏာ ဒေါသောဖြင့် ကြိမ်းမောင်းရိုက်နှက်ခြင်းများ အထိပင် ကြပ်ကြပ်မတ်မတ် သင်ပေးတတ်သည်။ ထို့ကြောင့် ဆရာတော်၏ တပည့်များမှာ ယခုတိုင် ဆရာတော်အပေါ် ချစ်ကြောက် ရိုသေကြသည်။

 

ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်သို့ ရောက်ရှိသီတင်းသုံးနေသော ကျောင်းအသီးသီးရှိ ကျောင်းထိုင် ဆရာတော်များ၊ ဓမ္မာစရိယအောင် တရားဟော ကထိကများ၊ ဒေါက်တာဘွဲ့ရ ဆရာတော်များမှာ ငယ်စဉ်ကသူတို့ကို ကြိမ်းမောင်းရိုက်နှက် ကြပ်ကြပ်မတ်မတ် သင်ပေးခဲ့သော ဆရာသမားအပေါ် အပြစ် မဆိုဘဲ ထိုအကြောင်းအရာများကို အချင်းချင်း ဟာသသဖွယ် ပြောဆိုငြင်းခုံ ပျော်ရွှင်နေကြပြီး ဆရာတော်ကြီး၏ မွေးနေ့ရောက်တိုင်း အနယ်နယ် အရပ်ရပ်မှ တပည့်သံဃာတော်များ ရာကျော်ခန့် မပျက်မကွက် လာရောက်ရှိခိုးဦးခိုက် ပူဇော်သြဝါဒခံယူနေခြင်းသည် ကျက်သရေရှိသော မြင်ကွင်း တစ်ခု ဖြစ်နေပါတော့သည်။

 

ဆရာတော်ကြီးသည် ရိုးသားကြိုးစားသူဖြစ်ပြီး စာသင်သားဘဝ မန္တလေးမြို့ တောင်ထီးလင်းတိုက်၌ ဓမ္မာစရိယ စာချတန်းကို ကြိုးစားသင်ယူစဉ်က နေ့စဉ်ရက်ဆက် အပျက်မခံ စွဲမြဲစွာ မှတ်သားပြုစု ခဲ့သော ဆရာအာဘော်ကျ ဓမ္မာစရိယ မှတ်တမ်း စာမူကို နောင်လာနောက်သားများအတွက် ဓမ္မ အမွေ ထားရစ်လိုသော ဆန္ဒဖြင့် ဓမ္မာစရိယ တက်လမ်းကျမ်းနှင့် နိဗ္ဗာနစ္ဆန္ဒပူရဏီကျမ်း၊ နိဗ္ဗာန် လမ်းပြကျမ်း၊ ကစ္စာယနသုတ္တဝိဓာနခေါ် သုတ်အစီရင်သုတ်ဆိုကျမ်း၊ မောဂ္ဂလာန် နိဿယ ချနက်ရိုး၊ မောဂ္ဂလာနတ္တဒီပကာ၊ နဝဂုဏာ ဒိကထာနှင့် ကျောက်စာများ၊ စာမေးပွဲ အဖြေစုံများကိုလည်း ရေးသားပြုစုခဲ့သည်။

 

ဆရာတော်ကြီးသည် ပိဋကတ်စာပေအရာ၌သာ ကျွမ်းကျင်လိမ္မာသည် မဟုတ်သေး။ ကဗျာ၊ လင်္ကာ၊ ရတု၊ အဲချင်း၊ အိုင်ချင်း စသော ကဗျာလင်္ကာအရာ၌လည်း ကျွမ်းကျင်လိမ္မာတော်မူသည်။ ခေတ် အလျောက် ထူးခြားသည့် အကြောင်းအရာတစ်ခုခု ပေါ်ပေါက်လာလျှင် ဆရာတော်ကြီးကား ကဗျာ စပ်ဆို ရေးဖွဲ့တော်မူပြီး ဖြစ်၏။

 

ထိုကဗျာလင်္ကာတို့တွင် “ဘကြီးမှုံ ကလောင်အမည်ဖြင့် တိုင်းပြည်ကောင်းစားရေးအတွက် ရေးဖွဲ့တော်မူသည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများပါ ဂန္ထဝင်မြောက် လေးချိုးကြီးကဲ့သို့ တိုင်းသိပြည်သိစင်ပေါ်ရောက် ကဗျာလင်္ကာများရှိသကဲ့သို့ စင်ပေါ်သို့ မရောက်ရှိဘဲ စာအုပ်ပေအုပ် အကြား၊ စာဗီရိုများအတွင်း ဝပ်ဆင်းကာ နေရရှာ သည့် ဆရာတော်ကြီးများ၏ ကဗျာလင်္ကာများလည်း များစွာပင်ရှိ၏။ ထိုကဗျာလင်္ကာတို့သည် အခြေ အနေ၊ အချိန်အခါနှင့် ဆရာတော်ကြီး၏ သက်ရွယ် တော်အလိုက် ဖူးပွင့်ပေါက်ဖွားလာကြရာ အရွယ် ရွယ်၊ အစားစား ပန်းပွင့်လေးများပမာ အသွင် သဏ္ဌာန်မျိုးစုံ တည်ရှိနေကြ၏။ အရွှင်၊ အသော ဟာသရသနှောသည့် ကဗျာလင်္ကာများရှိသလို အတည်အခန့်နှင့် ဂမ္ဘီရရနံ့လှိုင်သည့် ကဗျာလင်္ကာများလည်း ရှိ၏။

 

ဆရာတော်ကြီး၏ ပင်ကိုစရိုက်အရ ဟာသ ဉာဏ်၊ တိက္ခဉာဏ်၊ ဂမ္ဘီရဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ် ရှိသည့်အလျောက် ကလောင်ဖျားမှ ပေါက်ဖွားလာ သည့် ကဗျာပန်းဖူး၊ ပန်းငုံတို့သည်လည်း အရောင် အသွေးမျိုးစုံ၊ ရသမျိုးစုံဖြင့် ဖူးပွင့်လာကြ၏။ မြင်တွေ့၊ ဖတ်ရှုရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံး နှစ်သက်စေနိုင်၏။ သုတရသကို ရရှိခံစားစေနိုင်အောင် မွမ်းမံခြယ်သထားရာ သုတေသီများအတွက် များစွာတန်ဖိုး ရှိလှပေသည်။

 

တန်ဖိုးရှိသည့် ထိုစာပေအလင်္ကာများ မပျောက်မပျက်ရအောင် စုစည်းပြီး ကျမ်းတစ်စောင် ပေ တစ်ဖွဲ့အဖြစ် ပေါ်ထွက်လာပါမူ ကောင်းလေစွဟု မျှော်လင့်တောင့်တစွာဖြင့် ဆရာတော်ကနှုတ်ဖြင့် တည်းဖြတ်ပေးပြီး ဆရာတော်၏ တပည့်ဖြစ်သူ တိုက်အုပ်ဆရာတော် တရားဟော ဓမ္မကထိက အရှင်စန္ဒသီရိ(မြစ်ကွေ့) ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးနှင့် ဦးဇောတိပါလတို့ ဆင်ယင်ပြုစု သော နှစ် ၉၀ ဘဝခရီးမှ စပ်မိစပ်ရာ သိမှတ်ဖွယ်ရာ ကဗျာစာစုများစာအုပ်က ဆရာတော်၏ သီလ၊ သမာဓိ၊ ပညာနှင့် ကဗျာလင်္ကာအရာ၌ ကျွမ်းကျင် တော်မူပုံကို အထင်းသား မြင်ရသည်မှာ စာဖတ်ရသူ အဖို့ တမြည့်မြည့် ခံစားရပြီး ဆရာတော်ကြီး၏ ပညာဂုဏ်ကို အခါခါ ဦးခိုက်မိပါတော့သည်။

 

ဆရာတော်ကြီးသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၄ ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား “အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ကပ်လှူခြင်းခံခဲ့ ရသည်။ ဤဘွဲ့မျိုးကားရရှိရန် မလွယ်ကူပေ …

 

၁။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို  အလှူခံရရှိခြင်း ၊ (အဂ္ဂမဟာပဏ္ဍိတလဒ္ဓ လဉ္စနဂုဏ်)၊

၂။ သက်တော်ရှည် သံဃာ့မဟာထေရ် ဖြစ်တော်မူခြင်း၊ (ရတ္တညူ မဟာနယကဂုဏ်)၊

၃။ ကျမ်းဂန်တတ်သိ ဗဟုသုတနှင့် ပြည့်စုံခြင်း၊  (ဗာဟုသစ္စဂုဏ်)၊

၄။လူအပေါင်း၏ အကျိုးစီးပွားကို ဆောင်ရွက် နိုင်ခြင်း ၊  (ဗဟုဇနဟိတသုခါဝဟဂုဏ်)၊

၅။ ကျမ်းဂန်ရေးသားပြုစုခြင်း  (ဂန္ထရစနာဂုဏ်) တို့နှင့် ပြည့်စုံရပေသည်။

 

ကျေးဇူးတော်ရှင် ဆရာတော်ကြီးကား ထိုဂုဏ်တို့နှင့် လုံးဝကုံလုံပြည့်စုံခြင်းကြောင့် အလံတံခွန် သဖွယ် ထင်ရှားသော တိုင်းပြည်၏ ကြီးမြတ်သော ဆရာဟုအဓိပ္ပာယ်ရသည့် “အဘိဓဇမဟာရဋ္ဌဂုရု ဟူသော ဘွဲ့တံဆိပ်တော်ကို ထိုက်တန်စွာ အလှူခံ ရရှိတော်မူခဲ့ပေသည်။

 

ဆရာတော်ကြီး၏ စာပေကျမ်းစာများကို ဖတ်ရှုခံစားကြည့်သောအခါ ဝတ်ရည်သောက်သုံးသည့် ပျားပိတုန်းများ ပန်းခြံမှ မခွာနိုင်သကဲ့သို့ နှစ်သက်စရာအဖုံဖုံ သိမှတ်စရာစုံသည့် စာကဗျာပန်းခြံတွင်းမှ မထွက်နိုင်လောက်အောင် ဆွဲဆောင်မှုရှိသည်ကို တွေ့မြင်ရသည်။

 

ကျွမ်းကျင်လိမ္မာသော ပန်းချီဆရာသည် ဆေးစက်ကျရာ၌ အရုပ်ထင်အောင် ခြယ်မှုန်း နိုင်သကဲ့သို့...

 

(၁) ကိုယ်ပိုင်ပဋိဘန် ဉာဏ်ရှိခြင်း၊

(၂) ခေတ်အလိုက် လောကအသုံးအနှုန်းကို နားလည်ခြင်း၊

(၃) အသင့်ယုတ္တိ ရှိမရှိကို သိခြင်း စသောဂုဏ် တို့နှင့် ပြည့်စုံသော ဆရာတော်ကြီးသည်..

 

အကြောင်းအရာလေးတစ်ခုကိုပင် ချုံ့၍တစ်ဖုံ၊ ချဲ့၍တစ်နည်း အသီးသီး ရေးသားခဲ့သည့် စာပေများ မှာ ဖတ်မငြီးဖွယ်ရာ ရှိနေပေသည်။ ဆရာတော်ကြီး၏ ကဗျာလင်္ကာစာပေများကို ဝေဖန်ရေးသားနေလျှင် ရွှေဖလားကို ငွေနားကွပ်သကဲ့သို့ ဖြစ်နေချေတော့မည်။ ထို့ကြောင့် စကားလက်တံဆန့်မနေတော့ဘဲ စာဖတ်ပရိသတ်များကိုယ်တိုင် လေ့လာဖတ်ရှု ခံစားခြင်းဖြင့် အကျိုးထူးများ ရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပန်ကြားအပ်ပါသည်။

 

ဆရာတော်ကြီးသည် တပည့် ဒါယကာ ဒါယိကာမများအား ကရုဏာကြီးတော်မူသော အားဖြင့် “တပည့်တို့သို့ မေတ္တာလက်ဆောင် ဟူသော အောက်ပါကဗျာလေးကလည်း လောကီ လူသားများအတွက် အနှစ်သာရ ပါလှပေသည်....

 

ကိစ္စအလျောက် ၊ အရေးရောက်သော်

စိတ်နောက်ကိုယ်ပါ ၊ မပြုရာဘူး

ပညာဉာဏ်ဖြင့် ၊ ချင့်ချိန်လင့်၍

အခွင့်လျော်စွာ ၊ ပြုကျင့်ရာ၏

တစ်ခါမိုက်မဲ ၊ မှားချွတ်လွဲသော်

ပေါက်ပြဲကိုယ်မှာ ၊ နာအဆာတို့

ပျောက်ပါသော်လဲ ၊ မာရွတ်မည်းကား

ထင်စွဲမည်မှာ ၊ တစ်သက်တာတည်း။

 

ဆရာတော်ကြီး၏ တပည့်သံဃာ ဒါယကာ ဒါယိကာမများအား လောကီ ဒါယကာ ဒါယိကာမ များအား လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားအတွက် ဝိပဿနာတရားအား မဖြစ် မနေ ပွားများကျင့်ကြံရန်နှင့် အားလုံး သိရှိလိုက်နာ ရန် တရားပြသော အောက်ပါ “အကျဉ်းချုပ် အကျိုး ပြုတရား အတိုလေးကလည်း ထိထိမိမိ ရှိလှပါတယ် ...

 

ရုပ်နှင့်နာမ်သာ - တကယ်ရှိတာ

ငါဟုယူဘိ - မှားဒိဋ္ဌိ။

ဒိဋ္ဌိပယ်ခွာ - အပါယ်ကွာ

သာသနာတွေ့ ကျိုးရှိ။

ပေါ့တော့တော့ တော့ - မထင်နဲ့နော်

တကယ်ပြန်သား - မြတ်တရား

တကယ်မှတ်သား - ထပ်မနား။

 

သက်တော်ရှည် ဆရာတော်ကြီးသည် ယခုအခါ လွန်ခဲ့သောခုနစ်နှစ်ခန့်မှ စတင်ဖြစ်ပွားလာသော ရင်ဘတ်တွင် ဖြစ်ပေါ်လာသည့် ဆင်ရေယုန်ဝေဒနာကို ခံစားနေရပါသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဒါယကာအရင်းဖြစ်သူ ဒုတိယဝန်ကြီး (ငြိမ်း) ဆရာကြီး ဦးဝင်းမြင့်နှင့် စာရေးသူတို့ကိုယ်တိုင် အထူးကြပ်မတ်၍ ပါရဂူအစုံစုံဖြင့် ဂရုတစိုက် ပြုစုကုသသော်လည်း ပျောက်ကင်းခြင်းမရှိပါ။ သက်တော်လည်း ကြီးရင့်တော်မူခြင်း၊ အာရုံကြောနာဗ်ကြောများအထိ ပျံ့နှံ့နေပြီဖြစ်၍ ထိန်းရုံသာ လုပ်နိုင်တော့ကြောင်းသာ ပါရဂူများ မှတ်ချက်ပြုကြသဖြင့် ဒါယကာ ဒါယိကာမများ စိတ်မချမ်းသာဘဲ ဖြစ်နေရသည်။ ဆရာတော်ကြီးသည် ရောဂါဝေဒနာကို မပြတ်ခံစားနေရသော်လည်း ညည်းညူခြင်းမရှိဘဲ “ကံစီမံရာပေါ့ကွာ၊ ငါ့အတွက် မပူပါနဲ့ ငါ့တရားနဲ့ငါနေတတ်ပါတယ် ဟု ပြော၍ ဆိတ်ဆိတ်နေရှာပါသည်။ လမ်းလည်းမလျှောက်နိုင်တော့ဘဲ ပက်လက်ကလေးဖြင့် တပည့်များ ပြုစု မှုဖြင့် ခန္ဓာဝန်ကို ပင်ပန်းစွာ ထမ်းရွက်နေရသည်။

 

အားမနာဘဲ တပည့်များက လျှောက်ထားသော “သာသနာတော်အတွက် အသက်တစ်ရာကျော် နေပေးပါဘုရား ဟု လျှောက်ထားချက်ကို အပြစ်မပြောဘဲ “အေးပါကွာ ဟု တိတ်ဆိတ်စွာ လက်ခံ တော်မူသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဆိုးဆိုးရွားရွား ဖြစ်ပွားလာသော ကိုဗစ် - ၁၉ ရောဂါဒဏ်ကိုလည်း ခံခဲ့ရပါသည်။ ဆရာတော်ကြီးအား ကိုဗစ်မကူးစေရန် အမျိုးမျိုးစီမံတားမြစ်ထားသော်လည်း ကမ္ဘာ့ ကူးစက်မြန်ရောဂါ ကပ်ဆိုးကြီးက အထောက်ထား အညှာတာမဲ့စွာ ဒုက္ခပေးပါတော့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်တွင် အဆိုးဆုံးဖြစ်ပြီး ဆရာတော်ကြီး ညီဖြစ်သူသက်တော် ၉၅ နှစ် ဦးဒီပါလောက၊ ညီတစ်ဝမ်းကွဲတော်သူ အသက် ၉၃ နှစ် ဦးလှအောင် တို့မှာကိုဗစ်ကြောင့် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့သည်။

 

ဆရာတော်ကြီး စိတ်မကောင်းဖြစ်မည်ဆိုး၍ အခြေအနေအသေးစိတ်ကို မပြောပြသော်လည်း ဆရာတော်က ရိပ်မိနေပြီး တရားနှင့်စိတ်ငြိမ်စွာ နေတော်မူရှာပါသည်။ နောက်ဆုံးတွင် အနီးကပ် တပည့်များဖြစ်သော ဦးဇိန၊ ဦးဇောတိပါလတို့မှ တစ်ဆင့် ကိုဗစ်ရောဂါ ကပ်ဆိုးကြီးက ဆရာတော်ကြီး အား ကူးစက်ပါတော့သည်။

 

အတွင်းပတ္တမြားကျောင်းရှိ သံဃာတော်များ၊ ကပ္ပိယများ အားလုံးအား နိုင်ငံတော်က အထူးအစီ အစဉ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးသော်လည်း ဆရာတော်ကြီး မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ ပါရဂူကြီးများကတိုင်ပင်ပြီး ကာကွယ်ဆေး မထိုးဖြစ်ခဲ့ပါ။ ကာကွယ်ဆေးထိုးထားသော တပည့်များ တောင်ဖြစ်နေ၍ ဆရာတော်ကြီးမှာလည်း သေချာပေါက်ဖြစ်နေမည်ဟု တွက်ချက်၍ ပါရဂူများက စစ်ဆေးခဲ့ရာ အမှန်တကယ် ကိုဗစ်ရောဂါ ခံစားနေရကြောင်း တွေ့ရှိရသည်။

 

ဆရာတော်ကြီးက “ငါ့အတွက် မပူပါနဲ့ကွာ.. ငါ့တရား ငါရှိပါတယ် ဟု ထုံးစံအတိုင်းပြောပြီး ပါရဂူများ၊ အနီးကပ် သူနာပြုဆရာမများ၏ ညွှန်ကြားကြပ်မတ် ကုသမှုများကိုတော့ စိတ်ရှည်စွာ ခံယူခဲ့သည်။ အစား မစားချင်၊ ဆေးမသောက်ချင်သော်လည်း ကြိုးစားပြီး သောက်သုံးခဲ့ကာ “ကဲငါ့တာဝန်ကျေပြီမလား....ဟု တပည့်များအား ကျေနပ်အောင် ပြောရှာပါသည်။ ထိုအချိန်က စာရေးသူလည်း မသွားနိုင်ဘဲ အဝေးမှပင် video call ဖုန်းဖြင့်ခေါ်၍ လိုအပ်သည်များ ဂရုစိုက် ပေးနေရပါသည်။ စိတ်ထဲမှာလည်း ဆင်ရေယုန်အပြင် ကိုဗစ်ပါဖြစ်နေသော ဆရာတော်ကြီးမှာ သေချာပေါက် ခန္ဓာဝန်စွန့်ရမှာပဲဟု တစ်ထစ်ချတွက်နေပြီး အထူးစိတ်မချမ်းမသာ ဖြစ်နေခဲ့ရသည်။

 

ဆရာတော်ကြီးမှာ ၂၁ ရက် ကျော်သည်အထိ ကြပ်ကြပ်မတ်မတ် ဆေးကုသပေးမှုကြောင့် အောက်ဆီဂျင် မပေးရဘဲ ထူးထူးခြားခြား ပြန်ကောင်းလာသည်မှာ အံ့ဩဖွယ်ရာ ဖြစ်ပါသည်။ ဘယ်လိုမှ ယုံကြည်စရာမရှိသော ဖြစ်စဉ်ဖြစ်ပြီး ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်ကို အထူးလေးစားခဲ့မိရသည်။

 

၂ဝ၂၄ ခုနှစ်တွင် ဆရာတော်ကြီး အသက် ၁၀၀ ပြည့်မည်ဖြစ်ပါသည်။ လူသာမန်တို့ မလုပ်နိုင်၊ မဖြစ် နိုင်သော အလုပ်များ အခက်အခဲများကို ကျော်ဖြတ်ပြီး ဆရာတော်ကြီးက လျှောက်လမ်းနေဆဲ ဖြစ်သည်။ ယခုအခါ ပက်လက်ကလေးနှင့် ဆင်ရေယုန်ဝေဒနာကို ခံစားနေရသော ဆရာတော်ကြီးအား ယခင်လို ဆရာဒါယကာအရင်းဖြစ်သူ စာရေးသူကအများအတွက် ဘာသာသာသနာအတွက် “အသက် တစ်ရာ ကျော်နေပေးပါဘုရား ဟု မလျှောက်ရက်တော့ပါ။

 

ဆရာတော်ကြီး စိတ်ချမ်းသာသလို တရားနှလုံးသွင်းပြီး နေပါဘုရားဟု လျှောက်ထားရင်း ရာပြည့် အခမ်းအနားလုပ်ရန် စိတ်ကူးယဉ် နေမိပါတော့သည်။ ။