အာဆင်နယ်နောက်တန်းကစားသမား ဟက်တာဘယ်လာရင်ကို ပေါင် ၂၇ သန်းနဲ့ ခေါ်ယူနိုင်ရေး အင်တာမီလန်အသင်း ပြင်ဆင်နေ

၁၃  ဇွန်

အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အာဆင်နယ်အသင်းနောက်တန်းကစားသမား ဟက်တာ ဘယ်လာရင်ကို နွေရာသီဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အိုလီဗာ ဂျရူးကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် စပိန်ကစားသမား ဘယ်လာရင်ဟာ အင်တာမီလန်အသင်းက ခေါ်ယူဖို့ စီစဉ်ထားတဲ့ နောက်တန်းကစားသမားတွေထဲမှာ ဦးစားပေးကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပြီး ပြောင်းရွှေ့ကြေးပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။

လက်ရှိမှာ နောက်တန်းကစားသမား ဘယ်လာရင်ရဲ့ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက သုံးနှစ်ကျန်ရှိနေသေးပြီး ဘယ်လာရင်ကိုယ်တိုင်ကတော့ နည်းပြအာတီတာရဲ့ လက်ထက်မှာ ပုံမှန်ခြေစွမ်းပြ ကစားနိုင်စွမ်းရှိတာကြောင့် အာဆင်နယ်အသင်းမှာပဲ ဆက်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။

နောက်တန်းကစားသမား ဘယ်လာရင်ဟာ လာမယ့် တစ်ပတ်ထဲမှာ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးဖို့ ရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲတွေ ရပ်နားထားရချိန် ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ငွေကြယ်