အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ ကစားမည့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ရွှေ့ဆိုင်း

အာဆင်နယ်အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမ အကျော့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးအသင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများအပြားတွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်ပိုင်းမှာ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ လီဗာပူးအသင်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၊ ဖျားနာသူနဲ့ ဒဏ်ရာရရှိသူတွေ များပြားနေတာ ကြောင့် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းခဲ့ရပြီးနောက် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ဇန်နဝါရီ ၄ ရက်မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုခဲ့တာဖြစ်ပြီး လီဗာပူးအသင်းမှ နည်းပြကလော့၊ ကစားသမားသုံးဦးဖြစ်တဲ့ အဲလစ်ဆင်၊ ဖာမီနို၊ ဂျိုးမာတစ်တို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ် ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ၊ ဒဏ်ရာရရှိသူ၊ ပွဲပယ်ပြစ်ဒဏ်ကျခံရသူတွေ ရှိခဲ့တာကြောင့် လီဗာပူးအသင်း ကစားသမားကိုးဦးအထိ အဲဒီပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ဒါ့အပြင် လီဗာပူးအသင်းရဲ့ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ မိုဟာမက်ဆာလာ၊ ဆာဒီယိုမာနေး၊ နာဘီကီတာတို့ဟာလည်း ဇန်နဝါရီ ၉ ရက်မှာ စတင်ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို သွားရောက်ကစားရမှာဖြစ်တာမို့ လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ကာရာဘောင် ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နည်းပြ ကလော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတာကြောင့် တာဝန်ယူ မကိုင်တွယ်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ လက်ထောက်နည်းပြ ပက်လင်ဒါဟာလည်း လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ သိရ ပါတယ်။ လက်ရှိမှာ လီဗာပူးအသင်းရဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ရွှေ့ဆိုင်းပေးရေး တောင်းဆိုမှုကို အတည်ပြုပေးခဲ့ပြီဖြစ်တာကြောင့် လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၁၃ ရက်မှာ လီဗာပူးအသင်းရဲ့ အိမ်ကွင်းအန်ဖီးလ်မှာ လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်ကို ဇန်နဝါရီ ၂၀ ရက်မှာ အာဆင်နယ် အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာလည်းကောင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်