အာဆင်နယ်အသင်းက လက်စတာစီးတီးအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

အောက်တိုဘာ ၃၁

ပရီမီယာလိဂ်ပွဲစဉ်(၁၀)ရဲ့ အောက်တိုဘာ ၃၀ ရက် (စနေနေ့ည)အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား ခဲ့တဲ့လက်စတာစီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ အာဆင်နယ်အသင်းကလက်စတာစီးတီး အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အိမ်ရှင် လက်စတာစီးတီးအသင်းဟာ ဗာဒီ၊ အီဟီယာနာချို၊ မက်ဒီဆင်၊ သောမက်၊ ဆူမာရေး၊ တီယာလီမန် စတဲ့ကစားသမားတွေကို အဓိကအားပြုပြီး ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ အူဘာမီယန်၊ လာကာဇက်၊ ဆာကာ၊ ပါတေး၊ လိုကွန်ဂါ၊ ဂါဘရီယယ် စတဲ့ ကစားသမားတွေကို အားပြုကာ ၄-၄-၁-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဧည့်သည်အဖြစ်လာရောက်ကစားခဲ့ပေမယ့် ပထမပိုင်းပွဲကစားချိန် ငါးမိနစ်မှာပဲ ဂါဘရီယယ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၁၈ မိနစ်မှာ စမစ်ရိုဝီရဲ့ သွင်းဂိုး ထပ်မံရရှိခဲ့တာကြောင့် အဲဒီပထမပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့ပဲ လက်စတာ စီးတီးအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်း ယူပေးနိုင်ခဲ့တဲ့ စမစ်ရိုဝီဟာ အာဆင်နယ် အသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ခုနစ်ပွဲမှာ လေးဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာ ကို ယာယီတက်လှမ်းခွင့်ရရှိခဲ့ပြီး လက်စတာစီးတီး အသင်းကတော့ အာဆင်နယ်ကို ရှုံးခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်