အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ဆီမီးဖိုင်နယ် တက်ရောက်

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-MFF

၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် အသင်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

အုပ်စုဒုတိယနေ့တွင် အုပ်စု (က) ၌ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၃ဂိုး-သုံးဂိုး၊ ထိုင်းအသင်းက တီမောအသင်းကို ၁၂ ဂိုး-တစ်ဂိုး၊ အုပ်စု (ခ)၌ သြစတြေးလျအသင်းက မလေးရှားအသင်းကို ခြောက်ဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးပွဲမတိုင်မီ ထိုင်းအသင်း နှင့်အတူ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်းတွင် ရှစ်ဂိုး သွင်းယူခဲ့ပြီး နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၈၊ ၂၇၊ ၂၈ မိနစ်တွင် အောင်ဇင်ဦးက သုံးဂိုး၊ ၁၃၊ ၁၄ မိနစ်တွင် ပြည့်ဖြိုးမောင်-(၃)၊ ၁၃၊ ၂၄ မိနစ်တွင် ကိုကိုလွင်၊ ၂၁၊ ၄၀ မိနစ်တွင် လှိုင်မင်းထွန်းတို့က နှစ်ဂိုးစီသွင်းယူပြီး ကျန်အနိုင်ဂိုးများကို ၆ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၂၆ မိနစ်တွင် နိုင်ရဲကျော်၊ ၂၇ မိနစ်တွင် ဝေဇင်ဦး၊ ၂၉ မိနစ်တွင် ပြည့်ဖြိုးမောင်-၂ တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။

ဒုတိယနေ့အပြီးတွင် အုပ်စု (က) ၌ ထိုင်းနှင့် မြန်မာအသင်းက ခြောက်မှတ်စီဖြင့် ဆီမိးဖိုင်နယ်တက်သွားပြီး ကမ္ဘောဒီးယားနှင့် တီမောအသင်းတို့က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (ခ)တွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားအသင်းက လေးမှတ်စီ၊ သြစတြေးလျအသင်းက သုံးမှတ်ရထားပြီး မလေးရှားအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၂၃ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။