အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်

၂၀ ဇွန်

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့မွန်းလွဲပိုင်းက ဆက်လက်ပြုလုပ်ရာ မြန်မာကလပ် MIU အသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

MIU အသင်းသည် နောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီးယားကလပ် Down Town အသင်းနှင့် ယှဉ်ပြိုင်ခဲ့ပြီးကိုးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် နိုင်ပွဲရရန် အားထည့်ကစားခဲ့ပြီး ၂၊ ၁၆ မိနစ်တွင် ပြည့်ဖြိုးမောင်-(၃)၊ ၇ မိနစ်တွင် စိုင်းပြုံးအောင် သွင်းယူသည့်ဂိုးများဖြင့် သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ၁၇ မိနစ်တွင် နှစ်ဂိုးဆက် ချေပဂိုးပြန်ပေးခဲ့ရသည်။ သို့သော် ပထမပိုင်းပြီးခါနီးတွင် ကျော်ကျော်ထွန်းနှင့် ပြည့်ဖြိုးမောင်-၃ တို့က နှစ်ဂိုးဆက်သွင်းယူခဲ့၍ ပထမပိုင်းအပြီးတွင် MIU အသင်းက ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပိုင်းအစတွင် Down Town အသင်းက တတိယဂိုးသွင်းသော်လည်း ၂၅ မိနစ်တွင် ခင်ဇော်လင်းက MIU အသင်းအတွက် ဆဋ္ဌမဂိုး သွင်းယူခဲ့သည်။ ယင်းဂိုးရပြီးနောက်ပိုင်းတွင် Down Town အသင်း ကစားအားကျသွားပြီး MIU အသင်းက စိတ်ကြိုက်ကစားကာ အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ MIU အသင်းအတွက် ဂိုးများကို ၃၄ မိနစ်တွင် ခင်ဇော်လင်း၊ ၃၇ မိနစ်တွင် ပြည့်ဖြိုးမောင်(၃) နှင့် ၃၈ မိနစ်တွင် ဟိန်းမင်းစိုးတို့က သွင်းယူခဲ့သည်။

အုပ်စု (က) နောက်ဆုံးပွဲတွင် အိမ်ရှင်ထိုင်းကလပ် ချောင်ဘူရီအသင်းက ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းကို ရှစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဖွင့်ပွဲတွင် သရေကျခဲ့သည့် ချောင်ဘူရီအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အုပ်စုပထမနေရာရယူနိုင်ခဲ့သည်။ အုပ်စုပွဲများအပြီးတွင် အုပ်စု (က) ၌ ထိုင်းကလပ် ချောင်ဘူရီအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေ လေးမှတ်ဖြင့် အုပ်စုပထမ၊ ဗီယက်နမ်ကလပ် ဆန်နာတက်အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်ဖြင့် အုပ်စုဒုတိယရခဲ့ပြီး တစ်မှတ်သာရသည့် အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းသည် အုပ်စုမှ ထွက်ခဲ့ရသည်။ အုပ်စု (ခ) တွင် မြန်မာကလပ် MIU အသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ကမ္ဘောဒီးယားကလပ် Down Town အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ်ဖြင့် အုပ်စုဒုတိယရခဲ့ပြီး မလေးရှားကလပ် မီလာကာယူနိုက်တက်အသင်းမှာ နှစ်ပွဲစလုံးရှုံးပြီး အုပ်စုမှ ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာကလပ် MIU အသင်းနှင့် ဗီယက်နမ်ကလပ် ဆန်နာတက်အသင်း၊ ထိုင်းကလပ် ချောင်ဘူရီအသင်းနှင့် ကမ္ဘောဒီးယားကလပ် Down Town အသင်းတို့ ဇွန် ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MIU FC