အာဆီယံကလပ်ပြိုင်ပွဲ ပြန်လည်ကျင်းပခြင်းရှိ၊ မရှိ ထုတ်ပြန်မည်

ရန်ကုန် ၁၅ အောက်တိုဘာ

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပခြင်းရှိ မရှိ ထုတ်ပြန်သွားမည်ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဖျက်သိမ်းခဲ့ရပြီး လာမည့်နှစ်တွင် ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၀၃ နှင့် ၂၀၀၅ ခုနှစ် နှစ်ကြိမ်သာ ကျင်းပဖူးပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာတွင် ပြန်လည်ကျင်းပရန် ကြိုးပမ်းနေသော်လည်း ကပ်ရောဂါကြောင့် မကျင်းပနိုင်သေးခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဒေသတွင်းမှ ကလပ်အသင်းများအတွက် ပြိုင်ပွဲတစ်ခုပြန်လည်စီစဉ်ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံးမှ ကလပ်အသင်းများအား ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ သို့သော် အဆင့်သတ်မှတ်ချက်နိမ့်သည့်နိုင်ငံများမှ ကလပ်အသင်းများမှာ ခြေစစ်ပွဲကစားရမည်ဖြစ်ပြီး ကျန်အသင်းများမှာမူ နောက်ဆုံးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဒေသတွင်းလိဂ်ပြိုင်ပွဲမှ ချန်ပီယံအသင်းနှင့် ဒုတိယဆုရအသင်းများကို ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်သည့် အဆင့်သတ်မှတ်ချက် မြင့်မားသည့်နိုင်ငံများကို နှစ်သင်းစီ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်နိုင်ငံများကို တစ်သင်းစီသာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။

၂၀၂၀ ပြိုင်ပွဲအတွက် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် အုပ်စုအဆင့်မှ တစ်သင်း ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သော်လည်း အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့်နှစ်တွင် ပြိုင်ပွဲကျင်းပဖြစ်ပါက ကျင်းပမည့်ပုံစံ၊ အသင်းအရေအတွက်တို့ကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တစ်သင်းသာ ယှဉ်ပြိုင်ခွင့်ရပါက အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၀၃ ပြိုင်ပွဲနှင့် ၂၀၀၅ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဘဏ္ဍာအခွန်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၀၅ ပြိုင်ပွဲသာ ယှဉ်ပြိုင်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် ပြိုင်ပွဲမှနုတ်ထွက်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်