အာဆီယံအခြေခံမူများနှင့်အညီ ...

ဆောင်းပါး- ဇင်ငြိမ်း

မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လတ်တလောပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ  အခြေခံမူတွေနဲ့ ကိုက်ညီရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောဆိုတာလဲ၊  ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုး ဆက်တွေဟာ  မြန်မာနိုင်ငံအတွက်သာမကဘဲ အာဆီယံအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက်ပါ စဉ်းစားစရာဖြစ်နေပါတယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထု ကို   စိတ်ဓာတ်ပိုင်းဆိုင်ရာ   အကူအညီတွေပေးဖို့ အထူးလိုအပ်နေပြီး အာဏာထိန်း(သိမ်း)မှုနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့  အတိုက်အခံအုပ်စုတွေနဲ့    ထိတွေ့ ဆက်ဆံဖို့လည်း   လိုအပ်တယ်လို့    မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ   ထိုင်းနိုင်ငံ ကို ရောက်တဲ့အချိန် ဩဂုတ် ၁၀ ရက်သတင်းစာ ရှင်းလင်းပွဲမှာ   ပြောကြားခဲ့ပါတယ်။  ဒါ့အပြင် ဩဂုတ်  ၃  ရက်ကနေ  ၅   ရက်အထိ ကမ္ဘောဒီးယား နိုင်ငံ   ဖနောင်ပင်မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးမှာလည်း        မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးဖြေရှင်းရာမှာ NUG ၊ NUCC အပါအဝင်  ပိုမိုအဓိကကျတဲ့ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးနဲ့ အာဆီယံက ထိတွေ့မှုတွေကို   အရှိန်တိုးမြှင့်ဆောင်ရွက်ဖို့နဲ့   အဲဒီလိုထိတွေ့ ဆက်ဆံမှုတွေ  ပြုလုပ်တာကိုလည်း    လူသိရှင်ကြား ထုတ်ဖော်ဖို့   တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။   အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို   အကူအညီပေးနိုင်ဖို့အတွက် တတိယနိုင်ငံတစ်နိုင်ငံ  ပါဝင်ဆောင်ရွက်တာကို  ယူကောင်းယူဖို့  အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ   ဆွေးနွေးခဲ့ကြတယ်လို့ လည်း ဆိုင်ဖူဒင်   အဗ္ဗဒူလာက ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက် တွေကို ကြည့်ရင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ သဘောထားထက်  မလေးရှားနိုင်ငံရဲ့သဘောထား အဖြစ် တွေ့ရပါတယ်။ ထူးဆန်းစွာပဲ   မလေးရှားနိုင်ငံ ရဲ့သဘောထားဟာ “အာဆီယံအနေနဲ့ NUG နဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့လိုကြောင်း၊ NUG ဟာ မြန်မာပြည်သူတွေအပေါ်   တရားဝင်ကိုယ်စားပြုထားကြသူတွေဖြစ်ကြောင်း၊    တရားဥပဒေနဲ့ ညီညွတ်တဲ့ ဒီဂျူရီအစိုးရအဖြစ်သာမက လက်တွေ့ မြေပြင်အခြေအနေတွေမှာလည်း    နယ်မြေကို စိုးမိုးချုပ်ကိုင်    စီမံဖန်တီးနိုင်မှု   တိုးမြင့်လာတာ ထင်ရှားတဲ့အတွက်   အာဆီယံအနေနဲ့ NUG နဲ့ လက်တွဲလုပ်ဆောင်တာတွေ   တရားဝင်စတင်ပါ” ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ခရစ္စဆီဒိုတီက တိုက်တွန်းခဲ့တာနဲ့ တစ်သဘောတည်း ဖြစ်နေပါတယ်။ 

အထူးအကြံပေးကောင်စီ(SAC-M)  ဆိုတာ ကတော့  ၂၀၂၁ ခုနှစ်   ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေး နိုင်ငံတကာအကြံပြုချက်တွေ ပြုလုပ် နိုင်ဖို့အတွက် ကုလသမဂ္ဂ  ထိပ်တန်းတာဝန်ရှိသူတွေ အဖြစ် မြန်မာ့အရေး ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့ကြ သူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ ကို မြန်မာ့အရေး အချက်အလက်ရှာဖွေရေးမစ်ရှင်မှာ ပါဝင်တဲ့သူတွေနဲ့ဖွဲ့ထားပါတယ်။ မြန်မာ့လူ့အခွင့် အရေးဆိုင်ရာ      အထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မစ္စယန်ဟီးလီ၊ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ တဲ့ မြန်မာအရေးအချက်အလက်ရှာဖွေရေး  မစ်ရှင် အဖွဲ့ခေါင်းဆောင် မာဇူကီဒါရွတ်စမန်နဲ့ အဖွဲ့ဝင် ခရစ္စဆီဒိုတီတို့ဟာ SAC-M ကို ထူထောင်သူတွေ ဖြစ်ပါတယ်။

SAC-M အဖွဲ့ဝင်တွေကို   ကြည့်ခြင်းအားဖြင့် သူတို့ဟာ  ဘယ်ရည်ရွယ်ချက်နဲ့ ဖွဲ့တာလဲဆိုတာ သိသာနိုင်ပါတယ်။ သူတို့ဟာ ဘင်္ဂါလီအရေးအတွက် လှုပ်ရှားနေသူတွေ ဖြစ်ပါတယ်။   လူ့အခွင့်အရေး ခေါင်းစဉ်နဲ့ ဘင်္ဂါလီတွေအရေးကို ထဲထဲဝင်ဝင်ပါဝင် ပတ်သက်ပြီး  မြန်မာနိုင်ငံအပေါ်  ဖိအားပေးရေးနဲ့ သူတို့လိုလားချက်တွေရရှိဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာတော့ OIC တို့၊ အမေရိကန်တို့ ရှိနေပါတယ်။ 

သူတို့အားလုံးဟာ သူတို့ရည်ရွယ်ချက်နဲ့သူတို့ မြန်မာနိုင်ငံကို   ဖိအားပေးဖို့၊  လွှမ်းမိုးဖို့ကြိုးစား နေကြတာပါ။ ယခင်အစိုးရသက်တမ်းအတွင်းက မအောင်မြင်သေးတဲ့ သူတို့ရဲ့ရည်မှန်းချက်တွေကို အာဆီယံလမ်းကြောင်းဘက်ကနေ ကြိုးစားနေကြ တာပဲ ဖြစ်ပါတယ်။    SAC-M ရဲ့  ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်နဲ့ ပြောဆိုချက်တွေဟာ အာဆီယံ အဖွဲ့ကြီးကို အသုံးချဖို့ လုပ်ဆောင်နေတာလို့ ပြောနိုင် ပါတယ်။ အဲဒီလို နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတဲ့ SAC-M ရဲ့   ပြောဆိုချက်တွေနဲ့ တူညီစွာ မလေးရှားနိုင်ငံက ပြောဆိုလာတာဟာ အာဆီယံအတွက်    သတိထားစရာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးဟာ     အဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်ဆံရေး၊     ပူးပေါင်းဆောင်ရွက်ရေးအတွက် ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေ အခိုင်အမာရှိပြီး ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့   အခြေခံမူတွေနဲ့အညီ မြန်မာ့ပြည်တွင်းရေး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစား နေချိန်မှာ မလေးရှားနိုင်ငံက အာဆီယံရဲ့အခြေခံမူ တွေနဲ့ဆန့်ကျင်ပြီး  မြန်မာ့ပြည်တွင်းရေးကို SAC-M က ဖိအားပေးတဲ့အတိုင်း ထပ်ကာထပ်ကာ ပြောဆို နေတာ တွေ့ရပါတယ်။ ယခင်ကလည်း ဘင်္ဂါလီ အရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံ ကို   ပြင်းပြင်းထန်ထန်   ဝေဖန်ပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ဟောင်း  ဒေါက်တာမဟာ သီယာမိုဟာမက်က ဘင်္ဂါလီတွေအပေါ် မြန်မာအစိုးရ ရဲ့  ကိုင်တွယ်ပုံဟာ  လက်ခံနိုင်စရာမရှိတဲ့အတွက် မြန်မာနိုင်ငံကို    အာဆီယံထဲကနေ    ထုတ်ပယ် သင့်တယ်လို့   ၂၀၁၅ ခုနှစ်အတွင်းက    ပြောခဲ့ဖူး ပါတယ်။

အခုလည်း  SAC-M ရဲ့   ပြောကြားချက်တွေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက် တွေ တူညီနေတာဟာ တိုက်ဆိုင်မှုလို့ မဆိုနိုင်ပါဘူး။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး    ပြောကြားတဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ဆိုတာ သကာဖုံးထားတဲ့စကားသာဖြစ်ပြီး  နောက်ကွယ်မှာ တော့ မအောင်မြင်သေးတဲ့ ဘင်္ဂါလီအရေးနဲ့ ပထဝီ နိုင်ငံရေးအရ     မြန်မာနိုင်ငံအပေါ်    လွှမ်းမိုးပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ရေး ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေ အကောင်အထည် ဖော်ဖို့အတွက်   အာဆီယံအဖွဲ့ကြီးရဲ့    ပဋိညာဉ် စာတမ်းပါ အခြေခံမူတွေနဲ့ သွေဖည်ပြီး မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေကို မြန်မာနိုင်ငံက ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့တာပဲ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ ထူထောင်ထားတဲ့ ရည်ရွယ်ချက် ထဲမှာ တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာ၊   တစ်ခုတည်းသော ကောင်းတူ ဆိုးဖက်  အသိုက်အဝန်းဖြစ်ဖို့ ရည်မှန်းထားတာ ပါဝင်ပါတယ်။  ဒါ့ကြောင့်  အာဆီယံအဖွဲ့ကြီးဟာ ဆုံးဖြတ်တာတွေကို အာဆီယံချာတာပါ အပိုဒ် ၂၀ အရ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးရဲ့ တူညီဆန္ဒနဲ့ ဆုံးဖြတ် တာဖြစ်ပါတယ်။    ဒါပေမယ့်    မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ     အကူအညီပေးနိုင်ဖို့အတွက် တတိယနိုင်ငံတစ်နိုင်ငံ  ပါဝင်ဆောင်ရွက်တာကို ယူကောင်းယူဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ   အာဆီယံပဋိညာဉ်နဲ့   ဆန့်ကျင် နေပါတယ်။     မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ   အာဆီယံရဲ့မူနဲ့   မညီသလို သူ့ရဲ့ပြောကြားချက်နောက်မှာ  ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်နဲ့          အစီအစဉ်တွေရှိတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အာဆီယံအဖွဲ့ကြီးကို    ရှေ့တန်း တင်ပြီး    နောက်ကွယ်မှာတော့     သူတို့လိုချင်တဲ့ ပုံစံကို      လမ်းကြောင်းလိုက်ပေးနေခြင်းလည်း    ဖြစ်ပါတယ်။
ကမ္ဘာမှာ အခုဆိုရင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အကြား အင်အားပြိုင်ပြီး လွှမ်းမိုးဖို့ ကြိုးစားနေကြလို့ ပြိုင်ဆိုင်မှုတွေ၊ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက သူ့ရဲ့ စီးပွားရေး၊ စစ်ရေးပြိုင်ဘက်တွေဖြစ်တဲ့   ရုရှားနဲ့ တရုတ်နိုင်ငံအပေါ် ထိန်းချုပ်ဖို့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး  လုပ်ဆောင်နေလို့  ရုရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်ပွားနေသလို တရုတ်နိုင်ငံနဲ့လည်း တင်းမာမှုတွေ ဖြစ်နေပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲ က ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေပါတယ်။ အာဆီယံဒေသဟာလည်း ပထဝီနိုင်ငံရေးနဲ့ ကမ္ဘာ့ ကုန်သွယ်ရေးအတွက်    အရေးပါနေတဲ့အတွက် ကြောင့်   အင်အားကြီးနိုင်ငံတွေက  အာဆီယံနဲ့ ဆက်ဆံရေးအပြိုင် ထူထောင်နေကြပါတယ်။ 

ပြီးခဲ့တဲ့  မေလက   အမေရိကန်နဲ့  အာဆီယံ ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီး ဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ  ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို    အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။    ဒါ့အပြင်   အာဆီယံ  ဒေသတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေး၊ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်မှု ထွန်းကားရေး နဲ့ ပင်လယ်ရေကြောင်း လုံခြုံမှုရှိရေးကို အားပေး ထောက်ခံသွားပြီး ဒီလိုလုပ်ဖို့အတွက် အမေရိကန် ဒေါ်လာသန်း ၁၅၀ သုံးစွဲသွားမယ်လို့ ကတိပေးခဲ့ တယ်လို့ ဆိုပါတယ်။

ဒါဟာ အာဆီယံကို အမေရိကန်က တရုတ်နဲ့ အပြိုင်   စည်းရုံးနေတဲ့  သာဓကတစ်ခုဖြစ်ပါတယ်။ အမေရိကန်ရဲ့    အင်ဒို-ပစိဖိတ်မဟာဗျူဟာအရ တရုတ်နိုင်ငံရဲ့    ဩဇာလွှမ်းမိုးမှုကို  ထိန်းချုပ်ဖို့ ပတ်ဝန်းကျင်နိုင်ငံတွေကို    ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့    ကြိုးစားနေခြင်းလည်း  ဖြစ်ပါတယ်။ အဲဒီထဲမှာ အာဆီယံဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အာဆီယံအဖွဲ့ကြီးဟာ ဒေသတွင်း နိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာအဖွဲ့အစည်း မဟုတ်ပါဘူး။    ဒေသတွင်းနိုင်ငံတွေရဲ့    ဘုံအကျိုး စီးပွားအတွက် ထာဝရငြိမ်းချမ်းသော၊ အေးချမ်း တည်ငြိမ်သော၊ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ပြီး အတူတကွ သာယာဝပြောတဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်သော ဒေသအတွင်း နေထိုင်သွားဖို့နဲ့ အဓိကအကျိုးစီးပွား လိုလားချက်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ 

ဒီလိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာ မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊     အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊    တန်းတူရည်တူရှိမှု၊   နယ်မြေတည်တံ့ ခိုင်မြဲမှု၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်မှု၊ တူညီဆန္ဒနဲ့ဆုံးဖြတ်မှု၊ မတူကွဲပြားမှု နှင့် ညီညွတ်ခြင်း စတဲ့အခြေခံမူတွေနဲ့ လုပ်ဆောင် နေတာဖြစ်ပါတယ်။

အာဆီယံရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အချိန်မှာ  မလေးရှားနိုင်ငံက  မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့နဲ့ ပြင်ပနိုင်ငံတွေကို ထည့်သွင်း ဖို့ ပြောဆိုနေတာ သွေးရိုးသားရိုးကူညီလိုခြင်းလို့ ယူဆဖို့ခက်ခဲပါတယ်။ SAC-M ကလည်း မြန်မာ နိုင်ငံကို ဖိအားပေးဖို့ အာဆီယံကို တိုက်တွန်းပြောဆို နေတာတွေ ရှိပါတယ်။ သူတို့အနေနဲ့ သူတို့ ရည်မှန်း ချက်တွေ အပြည့်အဝ အကောင်အထည်ဖော်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ  သူတို့အလိုကျဖြစ်မယ့်   အစိုးရ တစ်ရပ်ပေါ်ပေါက်ရေး၊      ရုပ်သေးအစိုးရတစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံနဲ့   ထိုင်ဝမ်မှာဆိုရင်လည်း   အဲဒီ ကိုလိုနီလက်သစ်နည်းတွေကိုပဲ  အသုံးချခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ 

အဲဒီလို ဖိအားပေးလုပ်ဆောင်တာတွေကြောင့် မြန်မာ့ပြည်တွင်းရေးအတွက်   သာမကပါဘူး၊  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့  ဒေသတွင်းနိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ရုရှား- ယူကရိန်း စစ်ပွဲကိုကြည့်ရင်   ကာယကံရှင်ဖြစ်တဲ့   ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေပဲ   ထိခိုက်တာမဟုတ်ပါဘူး။ ဒေသတွင်းနိုင်ငံတွေ၊  ဆက်စပ်နေတဲ့နိုင်ငံတွေအပြင် ပဋိပက္ခနဲ့  ဘယ်လိုမှမဆက်စပ်တဲ့ နိုင်ငံတွေအထိ ဂယက်ရိုက်ခတ်ခံရတာ တွေ့နိုင်ပါတယ်။ 

အင်အားကြီးနိုင်ငံတွေက    ဩဇာလွှမ်းမိုးဖို့ အပြိုင်ကြိုးစားနေတဲ့ကာလမှာ အာဆီယံအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်ကို   ထိခိုက်စေမယ့် လုပ်ဆောင်ချက် တွေကို အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်စောင့်ရှောက် ကြဖို့လိုပါတယ်။ အာဆီယံရဲ့ အခြေခံမူထဲမှာ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊   ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေး ကို လေးစားလိုက်နာခြင်းဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ကြီးကို ခိုင်မာအားကောင်း သော၊ စည်းလုံးညီညွတ်သော၊ တက်ကြွစွာ ပူးပေါင်း လုပ်ဆောင်သောအဖွဲ့ကြီးဖြစ်ဖို့ဆိုရင် အာဆီယံ နိုင်ငံတွေအကြား အာဆီယံအခြေခံမူတွေနဲ့အညီ လုပ်ဆောင်ကြမှသာ အာဆီယံရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာမှာ ဖြစ်ပါတယ်။    ။