အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအ‌ဝေး ကျင်းပ

အာဆီယံအပေါင်း ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN+3 Finance and Central Bank Deputies Meeting) (AFCDM+3) ကို ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပရာ မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ တက်ရောက်သည်။

 

အစည်းအဝေးမတိုင်မီ ဒီဇင်ဘာ ၁၂ ရက်တွင် အာဆီယံ+၃ ဘဏ္ဍာရေး ဆွေးနွေးပွဲ (ASEAN+3 Financial Forum) ကို “Voyage in Growing Uncertainties” ခေါင်းစဉ်ဖြင့် ကျင်းပသည်။ ဆွေးနွေးပွဲတွင် အပိုင်း ၂ ပိုင်း ပါဝင်ပြီး အပိုင်း (၁) တွင် “Asia Sustaining Growth and Stability in the face of Uncertainties” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် ဘဏ္ဍာရေးဆိုင်ရာ တင်းကျပ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေရာမသေချာမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အပိုင်း (၂) တွင် “Managing Financial Globalizaton: Policy Responses and Strengthening of Regional Financial Safety Nets” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ အနာဂတ် ကာလအတွက် ဒေသတွင်းဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းများအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ဒီဇင်ဘာ ၁၃ ရက်တွင် (AFCDM +3) အစည်းအဝေးကို ကျင်းပရာ နံနက်ပိုင်းတွင် ပူးတွဲသဘာပတိများ ဖြစ်ကြသော ကိုရီးယားနှင့် စင်ကာပူတို့က အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)  မှ “Global and Regional Economic Outlook” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ “Economic and Development Prospects for ASEAN+3” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာဆီယံအပေါင်း ၃ မေခရိုစီးပွားရေး သုတေသနရုံး(AMRO)မှ (ASEAN+3 Regional Economic Outlook 2018” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြသည်။ ရှင်းလင်းဆွေးနွေးမှုများအပေါ် ဒုတိယအကြီးအကဲများက ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ဆက်လက်၍ AMRO ရုံး၏ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စများနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအတွက် ဆွေးနွေးကြပြီး ဒုတိယအကြီးအကဲများက အတည်ပြုသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆွေးနွေးနေဆဲ ခေါင်းစဉ်များဖြစ်သည့် ချင်းမိုင်သဘောတူစာချုပ်ကိစ္စ၊ ဒေသတွင်း ဘဏ္ဍာရေး အကျပ်အတည်းဖြစ်သည့်အခါ ကုစားနိုင်ရန် ထူထောင်ထားသည့် ရန်ပုံငွေအပေါ် စည်းကမ်းသတ်မှတ်ချက်များ၊ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေ၊ စမ်းသပ်မှုရလဒ်များ၊ ရန်ပုံငွေ၏ လုပ်ထုံးလုပ်နည်းများ၊ သတင်းဖလှယ်မှုများ စသည်တို့ကို ဆွေးနွေးကြသည်။

 

ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် အဆိုပါ ရန်ပုံငွေဆိုင်ရာ ချေးယူခြင်း၊ ထုတ်ချေးခြင်း ကိစ္စများ၊ စံသတ်မှတ်ချက်များ၊ ရေတိုရေရှည် ဆောင်ရွက်ရန်များ၊ ရန်ပုံငွေ၏ အချိန်မှန်သုံးသပ်မှု၊ စမ်းသပ်ဆောင်ရွက်ရန် အစီအစဉ်များ စသည်တို့ကို ဆက်လက် ဆွေးနွေးကြသည်။ မွန်းလွဲပိုင်း၌ အာရှငွေချေးစာချုပ် အစီအစဉ် (Asian Bond Market Initiatives) တိုးတက်မှုအခြေအနေ၊ နှစ်လတ်ကာလ ဆောင်ရွက်မည့် အစီအစဉ်များ၊ အာဆီယံ+၃ နိုင်ငံများ၏ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များမှ ၂၀၁၉ ခုနှစ်တွင် ဦးစားပေးဆောင်ရွက်ရန်များတို့ကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ရင်ဆိုင်တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အာဆီယံ+၃ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။ AFCDM+3 အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများတွင် ၆ လတစ်ကြိမ် အလှည့်ကျ ကျင်းပပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ် )