အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ပွဲပြန်လည်ရရှိ

ရန်ကုန်   ဇူလိုင်   ၇

၂၀၂၂ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စု(က) တတိယနေ့ကို ဇူလိုင် ၆ ရက် ညနေပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

မြန်မာအသင်းသည် တတိယပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ သုံးဂိုးတစ်ဂိုးဖြင့် အနိုင် ရခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ရေး မျှော်လင့်ချက် ပြန်လည်ရှင်သန်လာသည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဟိန်းထက်စိုး(ဂိုး)၊ ကျော်ဝဏ္ဏ၊ လန်းဆန်းအောင်၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ဟိန်းဇော်နိုင်၊ သာယာဝင်းထက်၊ ဖြိုးသန့်ကိုကို၊ စွမ်းထက်၊ သိန်းဇော်သီဟ၊ ခန့်ဇင်ဟိန်းတို့ ပါဝင်ခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲတွင် ထိုင်းကို အရေးနိမ့်ခဲ့သဖြင့် ယခုပွဲမဖြစ်မနေအနိုင်ရရန် လိုအပ်နေသဖြင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲအစ ခြောက်မိနစ်အတွင်း နှစ်ဂိုး စွမ်းထက်၊ ခြောက်မိနစ်တွင် သိန်းဇော်သီဟတို့က မြန်မာအသင်း အတွက် ဂိုးများဆက်တိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ၂၉ မိနစ်တွင် ရိုစကွီယိုက ဖိလစ်ပိုင်အသင်းအတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့သော်လည်း ၄၁ မိနစ်တွင် ဇော်ဝင်းသိန်းက မြန်မာအသင်းအတွက် တတိယဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်းကတည်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရနေခြင်းဖြစ်သည်။

မြန်မာအသင်းသည် သုံးပွဲကစားအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ခြောက်မှတ်ရထားပြီး စတုတ္ထပွဲအဖြစ် ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF