အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် မြန်မာအသင်း ဆက်လက်ပြင်ဆင်

၅ မတ်

မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ်တွင်ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်လျက်ရှိပြီး MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ယှဉ်ပြိုင်နေရသောကြောင့် ကစားသမား ၂၄ ဦးဖြင့် ဆက်လက်လေ့ကျင့် ပြင်ဆင်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မတ် ၃ ရက်မှစတင်ကာ ပြန်လည်လေ့ကျင့်နေခြင်း ဖြစ်သည်။ ကစားသမားများ ပွဲအတွေ့အကြုံရစေရန် Junior Lions အသင်းအမည်ဖြင့် MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပထမအကျော့အတွက် မှတ်ပုံတင်ထားသည့် ကစားသမား ၂၄ ဦးဖြင့် ဆက်လက်ပြင်ဆင်နေခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ပထမအကျော့အပြီးတွင် ကစားသမားများ အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ပြီး ယခုနှစ်အတွင်း အဓိကပြိုင်ပွဲဖြစ်သည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ဆက်လက်ကိုင်တွယ်နေပြီး ၂၀၁၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ယူ-၁၈ အသင်းကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း (ခ) Junior Lions အသင်းသည် ပထမတန်းပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းမွန်နေပြီး လေးပွဲကစား၊ လေးပွဲနိုင်၊ ၁၂ မှတ်ရရှိထားသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယဆုရခဲ့ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။

ညီမြတ်သော်တာ