အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်း စင်ကာပူနှင့် အဖွင့်ပွဲကစားရမည်

ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၁၅ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ အသင်းသည် အဖွင့်ပွဲအဖြစ် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။
 

ယင်းပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(က)တွင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမော၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့နှင့် ကျရောက်နေသည်။ အုပ်စု(ခ)တွင်မူ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိူင်းနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲများကို တစ်ရက်ခြားတစ်ပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
 

မြန်မာ ယူ-၁၅ အသင်းသည် အုပ်စုပွဲများအဖြစ် ဇူလိုင် ၂၇ ရက်တွင် စင်ကာပူအသင်း၊ ဇူလိုင် ၂၉ ရက်တွင် တီမောအသင်း၊ ဇူလိုင် ၃၁ ရက်တွင် ဖိလစ်ပိုင်အသင်း၊ သြဂုတ် ၂ ရက်တွင် ဗီယက်နမ်အသင်း၊ သြဂုတ် ၄ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများကို ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၅ ရက်၊ ဆီမီးဖိုင်နယ်ကို သြဂုတ် ၇ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို သြဂုတ် ၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။
 
 
မြန်မာ ယူ-၁၅ အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ကစားသမား ၂၃ ဦးဖြင့် ပြင်ဆင်နေပြီး ပြိုင်ပွဲအမီ နည်းပြသစ်ခန့်အပ်နိုင်ခြင်းမရှိပါက ဂျပန်နိုင်ငံသား နည်းပြ တာကူမာက ဆက်လက် ကိုင်တွယ်မည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ