အာဆီယံ ဖူဆယ်ပြိုင်ပွဲ ပထမနေ့တွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

၂၁  အောက်တိုဘာ 

၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

 

a

 

မြန်မာဖူဆယ်အသင်းသည် တီမောအသင်းနှင့် စတင်တွေ့ဆုံခဲ့ပြီး ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ တီမောအသင်း၏ ရုန်းကန်မှုကြောင့် မြန်မာအသင်းသည် ပထမပိုင်းတွင် ခက်ခက်ခဲခဲကစားခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ကစားပုံပြောင်းလဲလိုက်သောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲအစ ၁ မိနစ်တွင် ခင်ဇော်လင်း သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ချေပဂိုးပြန်ပေးလိုက်ရသောကြောင့် တစ်ဂိုးစီသရေကျသွားကာ ပထမပိုင်းတွင် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်းပြီးခါနီးမှ မြန်မာအသင်း ဒုတိယဂိုးထပ်ရခဲ့ပြီး ၁၉ မိနစ်တွင် လှိုင်မင်းထွန်းက သွင်းယူခဲ့သည်။ 

ပထမပိုင်းတွင် ပြန်လည်ဦးဆောင်နိုင်ခဲ့သည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး လေးဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၃၃၊ ၃၅ မိနစ်တွင် ငြိမ်းမင်းစိုး၊ ၃၆ မိနစ်တွင် ပြည့်ဖြိုးမောင်-၂ နှင့် ၃၉ မိနစ်တွင် ကောင်းချစ်သူတို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (က) ၌ ထိုင်း၊ တီမော၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေပြီး အခြားပွဲတွင် ထိုင်းအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ ၂၂ ရက် (ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၁ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF