အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင်  တီမောကို မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်   ဇူလိုင်   ၆

၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲ အုပ်စု (ခ) ပထမနေ့ကို ဇူလိုင် ၅ ရက် ညနေပိုင်းက ဖိလစ်ပိုင် နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက တီမော အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရ ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် တီမောကို ဂိုးပြတ်သွင်းယူပြီး အမှားအယွင်းမရှိ နိုင်ပွဲစတင်ရရှိခဲ့သည်။ နည်းပြချုပ် ဒေါ်သက်သက်ဝင်း၏ ပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရလဒ်ဖြင့် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် မေဇင်နွယ် (ဂိုး)၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ၁၅ မိနစ်တွင် နော်ထက်ထက်ဝေ သွင်းယူသည့် ဂိုးဖြင့် အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး ၁၉ မိနစ်၊ ၃၂ မိနစ်တွင် ဂျူလိုင်ကျော်၊ ၃၈ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်း၊ ၄၅ မိနစ်တွင် ဝေဖူးအိမ်တို့က သွင်းယူခဲ့ရာ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ငါးဂိုးပြတ်အနိုင်ရနေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာအသင်း အတွက် အနိုင်ဂိုးများကို မြတ်နိုးခင်က ၅၉ မိနစ်၊ ၇၄ မိနစ်တွင် ထပ်မံသွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင် ၉ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် စတင် ကစားရမည်ဖြစ်သည်။

ရဲရင့်လွင်