အာဆီယံ အမျိုးသမီးပြိုင်ပွဲမတိုင်မီ မြန်မာအမျိုးသမီးအသင်း ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ကစားမည်

၁၉ မေ

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် သြဂုတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဇွန် ၁၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် နောက်ဆုံးဖွဲ့စည်းခဲ့သည့် အိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိကျင်းပနေသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစားသမားများဖြင့် ပေါင်းစပ်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၁၂ ရက်မှ လကုန်အထိ ရန်ကုန်မြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ဇူလိုင်ပထမပတ်တွင် မော်လမြိုင်မြို့သို့ သွားရောက်ကာ ဒေသခံအသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ဇူလိုင်နောက်ဆုံးပတ်တွင် ပြည်ပခြေစမ်းခရီးစဉ်သွားရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲ အနည်းဆုံးသုံးပွဲကစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်း၏ ပြည်ပခြေစမ်းခရီးစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိပြီး အာရှဘောလုံးအင်အားကြီး နိုင်ငံတစ်ခုသို့ သွားရောက်လေ့ကျင့်ခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲပြီးပါက နိုဝင်ဘာနောက်ဆုံးပတ်တွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီတွင် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်