အာဆီယံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများ

 

လင်းလက်

 

လေ့လာဖွယ်ရာ

 

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN_PAC) သို့ အဖွဲ့ဝင်အဖြစ် ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဝင်ရောက်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိရေးအဖွဲ့ (Transparency International _ TI) က ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ရမှတ်များကို ထုတ်ပြန်ခဲ့ရာတွင် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်ခန့်က ရမှတ် ၁၇ မှတ်သာ ရှိနေရာမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာနိုင်ခဲ့သဖြင့်၂၀၂၁ ခုနှစ်တွင် ရမှတ် ၃၈ မှတ်ဖြင့် အာဆီယံ ၁၀ နိုင်ငံ အတွင်း အဆင့် ၄ အဆင့်အထိသို့ တက်ရောက်နိုင် ခဲ့သည်ကို တွေ့ရှိရပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေး၊ အသိပညာပေးရေးစသည့် နယ်ပယ်အသီးသီးတို့တွင် ဟန်ချက်ညီညီ ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ရာ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာ သင့်သည်များ လေ့လာနိုင်ရန် စုစည်းရေးသားပြုစု တင်ပြရခြင်းဖြစ်ပါသည်။

 

အဓိက တာဝန်ယူ

 

အင်ဒိုနီးရှားနိုင်ငံတွင် အများပြည်သူ အကျိုးစီးပွားနှင့်ဆက်နွှယ်သည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရသည့် အရာရှိများ၏ လာဘ်ပေး လာဘ်ယူမှုများကို လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက် ရေးဥပဒေ (၁၉၈၀) အရလည်းကောင်း၊ အဂတိ လိုက်စားမှုများကိုမူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၀၁) အရလည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိရာ အဓိက တာဝန်ယူကိုင်တွယ် ဖြေရှင်းရသည့် ဌာနများမှာ ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (the Corruption Eradication Commission _ KPK) တို့ဖြစ်ပြီး KPK သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက် နေသည့် အဖွဲ့အစည်းတစ်ခုပင် ဖြစ်ပါသည်။

 

KPK အကြောင်း

 

KPK သည် ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို (၁) အသိပညာပေးခြင်းနှင့် ပြည်သူလူထုပူးပေါင်း ပါဝင်စေရေးဆောင်ရွက်ခြင်း၊ (၂) အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ (၃) ဥပဒေ အာဏာသက်ရောက်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ (၄) ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် (၅) သတင်းအချက်အလက်များ ဖြန့်ဝေခြင်း စသည့်လုပ်ငန်းဧရိယာငါးခုဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဧရိယာ တစ်ခုစီအတွက် ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ဦးဆောင်၍ ၎င်းအောက်တွင် အထောက်အကူပြုရုံးများအဖြစ် အတွင်းရေးမှူးရုံးအဖွဲ့များ ထားရှိကာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါသည်။

 

KPK ကို ကော်မရှင်ဥက္ကဋ္ဌတစ်ဦးနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌလေးဦး စုစုပေါင်း ငါးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်များသည် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများဖြစ်ကာ ဆုံးဖြတ်ချက်များကိုမူ အဖွဲ့ဝင်များ၏ စုပေါင်းဆွေးနွေးမှုဖြင့်သာ ဆောင်ရွက်ကြပါသည်။ ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းသည် လေးနှစ်ဖြစ်ပြီး အဖွဲ့ဝင်များအနေဖြင့် သက်တမ်းတစ်ကြိမ်သာ ထပ်မံရွေးကောက်ခံခွင့် ရှိပါသည် (သက်တမ်းနှစ်ခုသာ တာဝန်ထမ်းဆောင် နိုင်သည့် သဘောပင်ဖြစ်ပါသည်)။

 

အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းနှင့် အသိပညာပေးခြင်း

 

KPK အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) အရ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးခြင်း၊ ပိုင်ဆိုင်မှုကြေညာလွှာ တင်သွင်းခြင်း နှင့် အသိပညာပေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းကာလ ကျန်းမာရေးကဏ္ဍတွင် အဂတိ လိုက်စားမှုများ မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးအကူအညီ အထောက်အပံ့ပေးခြင်း ဆိုင်ရာစာရင်းများနှင့် အခြားဆောင်ရွက်နေမှုများကို ဝင်ရောက်ကြည့်ရှုနိုင်မည့် Jaringan Pencegahan Korupsi (Corruption Prevention Network) ကို ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး အဂတိလိုက်စားမှုများကို သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ အကြောင်းကြားနိုင်သည့် စနစ်ကိုပါ ထည့်သွင်းနိုင်ခဲ့သဖြင့် (World Justice Project 2021) ဆုကို အဆိုပါအစီအစဉ်က ရရှိခဲ့ပါသည်။

 

ပိုင်ဆိုင်မှုကြေညာခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခြင်း

 

အင်ဒိုနီးရှားနိုင်ငံ စီမံခန့်ခွဲမှုနှင့် အစိုးရယန္တရား ပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် ၁/၂၀၁၅ အရ နိုင်ငံ့ဝန်ထမ်းများကလည်းကောင်း၊ ၂၀၀၈ ခုနှစ် သမ္မတနှင့် ဒုတိယသမ္မတ ရွေးကောက် တင်မြှောက်ခြင်းဥပဒေ၊ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ ညွှန်ကြားချက် (၁၅/၂၀၁၇) ပါ ညွှန်ကြားချက်များနှင့်အညီ သမ္မတ၊ ဒုတိယသမ္မတအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအနေဖြင့်လည်းကောင်း ပိုင်ဆိုင်မှုကြေညာခြင်းကို ဆောင်ရွက်ကြရပါသည်။ ကြေညာရန်သတ်မှတ် ထားသည့်အချက်အလက်များကို လေ့လာကြည့်ပါက အကျိုးစီးပွားပဋိပက္ခဖြစ်မှုဆိုင်ရာ အချက်အလက်များကို ကောက်ယူထားသည်ကို တွေ့ရှိရပြီး ထိပ်ပိုင်းအဆင့် ခေါင်းဆောင်များနှင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုများသည့် ရာထူးနေရာများတွင် တာဝန်ယူဆောင်ရွက်နေရသူများကို အဓိကထားသည်ကို တွေ့ရှိရပါသည်။ နည်းပညာ အခြေပြုစနစ်ကို အသုံးပြုပြီး ကြေညာလွှာတင်သွင်းသူများအနေဖြင့် သက်ဆိုင်ရာ Website မှတစ်ဆင့် ကြေညာလွှာ တင်သွင်းရပါသည်။

 

အရေးယူဆောင်ရွက်ခြင်း

 

၂၀၀၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အဂတိလိုက်စားမှုများဖြင့် အရေးယူဆောင်ရွက်ခဲ့မှု အခြေအနေများကို လေ့လာကြည့်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ် ၂၉၃ ဦး၊ ဝန်ကြီးနှင့်ဝန်ကြီးအဆင့် ၃၂ ဦး၊ အစိုးရတာဝန်ရှိ အကြီးအကဲ ၂၂ ဦး၊ မြို့တော် ဝန်/ဒေသအကြီးအကဲ ၁၄၁ ဦး၊ ကော်မရှင်အဖွဲ့ဝင် အဆင့်ရှိသူ ခုနစ်ဦး၊ သံအမတ် လေးဦး၊ တရားသူကြီး ၂၂ ဦး၊ အဆင့်မြင့် ရဲအရာရှိ သုံးဦး၊ တရားစွဲအရာရှိ ၁၀ ဦး၊ အဆင့်မြင့်အရာရှိ ၂၄၄ ဦး၊ ပုဂ္ဂလိကကဏ္ဍမှ ၃၅၆ ဦး၊ ကော်ပိုရေးရှင်းများမှ တာဝန်ရှိသူ ခုနစ်ဦး၊ ဥပဒေအရာရှိ ၁၃ ဦးနှင့် အခြားပုဂ္ဂိုလ် ၁၇၉ ဦး စုစုပေါင်း ၁၃၃၃ ဦးကို အဂတိလိုက်စားမှုများဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ အစိုးရတာဝန်ရှိ အကြီးအကဲတစ်ဦး၊ မြို့တော်ဝန်/ ဒေသအကြီးအကဲ ၁၂ ဦး၊ အဆင့်မြင့် ရဲအရာရှိ တစ်ဦး၊ တရားစွဲအရာရှိ ၁၀ ဦး၊ အဆင့်မြင့်အရာရှိ ကိုးဦး၊ ပုဂ္ဂလိကကဏ္ဍမှ ၂၇ ဦး၊ ကော်ပိုရေးရှင်းများမှ တာဝန်ရှိသူတစ်ဦး၊ ဥပဒေအရာရှိတစ်ဦးနှင့် အခြားပုဂ္ဂိုလ်ခြောက်ဦး စုစုပေါင်း ၇၁ ဦးကို အဂတိ လိုက်စားမှုများဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ဝန်ကြီးအဆင့်ရှိသူများနှင့် အခြားအဆင့်မြင့်အရာရှိကြီးများကို အဂတိလိုက်စားမှုဖြင့်အရေးယူခြင်း

 

အင်ဒိုနီးရှားနိုင်ငံ The Glokar Party စီနီယာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Azis Syamsuddin သည် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း Lampung စီရင်စု၊ Lampung ခရိုင်အတွက် ဘဏ္ဍာငွေခွဲဝေချထားမှုများတွင် အဂတိလိုက်စားမှု ကျူးလွန်ထားခြင်းနှင့် အဆိုပါ အမှုများအတွက် KPK စုံစမ်းစစ်ဆေးရေး အရာရှိဖြစ်သူ Stepanus Robin Pattuju ကို ရူပီး သုံးဘီလီယံခန့် လာဘ်ပေးထားခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တရားရုံးက ထောင်ဒဏ် သုံးနှစ်နှင့် ခြောက်လ ချမှတ်ခဲ့ပါသည်။

 

လူမှုရေးဝန်ကြီးဟောင်းဖြစ်သူ Juliari Batubara သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အကျပ်အတည်း ရင်ဆိုင်ကြုံတွေ့နေရသည့် ဝင်ငွေ နည်းပါးသည့် မိသားစုဝင်များသို့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်တွင် တင်ဒါအောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ထံမှ တံစိုးလက်ဆောင်အနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံနှင့် ညီမျှသည့် အင်ဒိုနီးရှားငွေ ရူပီး ၃၂ ဒသမ ၂ ဘီလီယံ လက်ခံရယူခဲ့ခြင်းနှင့် အခြားလုပ်ငန်းရှင်များထံမှ လည်း အစားအသောက်၊ စားသုံးဆီနှင့် အခြား အထောက်အပံ့ပစ္စည်းများ ပါဝင်သည့် Package တစ်ခုချင်းစီအတွက် ရူပီး ၁၀၀၀၀ စီ လက်ခံရယူခြင်း တို့နှင့်စပ်လျဉ်း၍ ၂၃-၈-၂၀၂၁ ရက်နေ့တွင် ဂျကာတာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပါသည်။ ထို့အပြင် တရားရုံးမှ အမေရိကန်ဒေါ်လာ တစ်မီလီယံနှင့် ညီမျှသည့် အင်ဒိုနီးရှားရူပီး ၁၄ ဒသမ ၆ ဘီလီယံကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန်နှင့် ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ် ထပ်မံကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။

 

ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးဟောင်းဖြစ်သူ Edhy Prabowo အနေဖြင့် ပြည်ပတင်ပို့ရောင်းချခြင်း (ပုစွန်) လုပ်ငန်းများနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လက ထောင်ဒဏ် ငါးနှစ်နှင့် ဒဏ်ကြေး ရူပီး ၄၀၀ မီလီယံချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဂျကာတာ အယူခံတရားရုံးက ထောင်ဒဏ် လေးနှစ်ထပ်တိုးကာ စုစုပေါင်းထောင်ဒဏ် ကိုးနှစ်နှင့် ဒဏ်ကြေး ရူပီး ၄၀၀ မီလီယံအပြင် ထပ်ဆောင်း ရူပီး ၉၆၈၇ မီလီယံနှင့် ဒေါ်လာ ၇၇၀၀၀ ထပ်မံပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါသည်။

 

ထို့အပြင် ၂၀၁၉ ခုနှစ်တွင် လူမှုရေးဝန်ကြီး ဟောင်းဖြစ်ခဲ့သူ Idrus Marham ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဟောင်းဖြစ်သူ Imam Nahrawi ကိုလည်း ကောင်း အဂတိလိုက်စားမှုများဖြင့် အရေးယူခဲ့သဖြင့် သမ္မတ Joko Widodo လက်ထက်တွင် ဝန်ကြီး လေးဦးကို အဂတိလိုက်စားမှုများဖြင့် အရေးယူထား သည်ကိုလည်း တွေ့ရှိရပါသည်။ အဆိုပါ ဖြစ်စဉ် များကို လေ့လာကြည့်မည်ဆိုပါက KPK အနေဖြင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့သူ အများအပြားကို အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သည်ကို လေ့လာ တွေ့ရှိရပါသည်။

 

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု

 

ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းသို့ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး ပြစ်မှု ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အပြန် အလှန် အကူအညီပေးနိုင်ရေးတို့အတွက် ၂၀၁၉ ခုနှစ်အတွင်းတွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေး သဘောတူညီမှုစာချုပ်(MLA)များကို ဆွစ်ဇာလန်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့ရာ ယခုအချိန်အထိ MLA စာချုပ် စုစုပေါင်း ၁၁ ခုကို လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။ ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ FBI၊ the Serious Fraud Office (UK)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Supervision ၊ ထိုင်းနိုင်ငံ NACC နှင့် Ministry of Justice ၊ နယ်သာလန်နိုင်ငံ Foreign Affairs and Interior and Kingdom Relations တို့နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေး ထိုးထားပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်အတွင်း The Global Operational Network for Law Enforcement Authorities (GlobE Network) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် GlobE Network ၏ ပထမဦးဆုံး အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 

လေ့လာသုံးသပ်

 

ခြုံငုံလေ့လာသုံးသပ်ကြည့်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အရေးယူဆောင်ရွက်မှု အပိုင်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးအဆင့်ရှိသူများကိုပါ ထိထိရောက်ရောက် အရေးယူနိုင်သည်ကို တွေ့ရှိရပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင်လည်း အမေရိကန်၊ ယူကေ၊ တရုတ်၊ နယ်သာလန်စသည့် နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါသည်။ ပိုင်ဆိုင်မှုကြေညာခြင်း လုပ်ငန်းစဉ်ကိုလည်း နည်းပညာ အခြေပြုစနစ်ဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီဖြစ်သည်ကို တွေ့ရှိရပါသည်။

 

နိုင်ငံတကာနှင့် မျက်ခြည်မပြတ်

 

မိမိတို့နိုင်ငံအနေဖြင့်လည်း ဒေသတွင်းနိုင်ငံများ၏ ဆောင်ရွက်မှုများကို လေ့လာမှတ်သားကာ မိမိတို့နိုင်ငံအတွက် သင့်တော်သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် စနစ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းနိုင်ငံများတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ၎င်းတို့နိုင်ငံအလိုက် ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူလျက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းကာ နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို မျက်ခြည်မပြတ် လေ့လာလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား-

- အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဝက်ဘ်ဆိုက်

- Country Analysis on Asset Declarations System (Indonesia) - UNODC