(၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလွတ်တန်း စစ်တုရင်ပြိုင်ပွဲသို့ မြန်မာစစ်တုရင်ကစားသမား ထက်ဇော်ဖုန်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၇  မတ်

 

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မတ် ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလွတ်တန်း ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာစစ်တုရင်အားကစားအဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ မြန်မာစစ်တုရင်အားကစားအဖွဲ့တွင် အုပ်ချုပ်သူ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ နည်းပြ ဦးတင်မင်းဦး (ရန်ကုန်ပညာရေး တက္ကသိုလ်)၊ အားကစားသမား မောင်ထက်ဇော်ဖုန်း (ဒဂုံတက္ကသိုလ်)တို့ လိုက်ပါသွား ကြောင်း သိရသည်။

 

ထိုပြိုင်ပွဲတွင် ကစားသမား မောင်ထက်ဇော်ဖုန်းသည် Challengers အတန်း၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ကိုးနိုင်ငံ ပါဝင်ကာ အားကစားသမား ၁၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ကြောင်း သိရသည်။

 

အာကာစိုး