(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ရွှေတိဂုံစေတီ စနေထောင့်ရှိ ရန်ကုန်‌ကောလိပ်ကျောင်းသား ၁၁ ဦး သစ္စာပြုရာ‌နေရာသို့ သွား‌ရောက်ဂါရဝပြု

ရန်ကုန်  ၂၁   နိုဝင်ဘာ

 

(၉၉)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် မြို့မကျောင်းသား၊ ကျောင်းသူဟောင်းအသင်း(ရန်ကုန်) က ကြီးမှူးပြီး မြို့မကျောင်းသား၊ ကျောင်းသူ ဟောင်းများနှင့် အ.ထ.က(၂)/(၃)ဒဂုံကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ ရွှေတိဂုံစေတီတော် စနေ‌ထောင့်ရှိ ရန်ကုန်‌ကောလိပ်ကျောင်းသားကြီး ၁၁ ဦးတို့ ရန်ကုန်ယူနီ ဘာစီတီ အက်ဥပ‌ဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုရာနေရာ၌ ယ‌နေ့နံနက်ပိုင်းတွင် သွားရောက် ဂါရဝပြုကြသည်။

 

ဂါရဝပြုခြင်းနှင့်ပတ်သက်၍ မြို့မကျောင်းသား၊ ကျောင်းသူ ဟောင်းအသင်း အထွေထွေ အတွင်းရေးမှူး ဦးလှမြင့်သိန်း က "၂၀၁၆ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း အမျိုးသားနေ့ကို နောင်လာနောင်သားတွေ မမေ့အောင်ဆိုပြီး ပြုလုပ်တာဖြစ်ပါတယ်။ ကလေးတွေ အမျိုးသားရေး စိတ်ဓာတ် မပျောက်အောင် အဓိက ရည်ရွယ်တာပါ" ဟု ပြောသည်။

 

ထိုသို့ ဂါရဝပြုရန်အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် အ-ထ-က(၂)(မြို့မ) ကျောင်းရှေ့တွင် စုရပ်လုပ်ပြီး နိုင်ငံတော်အလံ၊ မြို့မကျောင်းသား၊ ကျောင်းသူဟောင်း အသင်းအလံ၊ ကျောင်းသားကြီး ၁၁ ဦး အမည်ပါသည့် ပိုစတာများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အထိ ချီတက်ကြကာ ရွှေတိဂုံဘုရားကို လက်ယာရစ် တစ်ပတ်ပတ်ပြီး ရန်ကုန်‌ကောလိပ် ကျောင်းသားကြီး ၁၁ ဦး တို့တွေ့ဆုံ၍ ရန်ကုန်ယူနီ ဘာစီတီ အက်ဥပ‌ဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုရာ အမျိုးသားအထိမ်းအမှတ် ကျောက်တိုင်တွင် ဂါရဝပြုကြပြီး အမျှအတန်းပေးဝေကြသည်။

 

ဆက်လက်၍ မြို့မကျောင်းသား၊ ကျောင်းသူဟောင်းအသင်းက ကြီးမှူး၍ ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်းရှိ မြို့မကျောင်းသား၊ ကျောင်းသူဟောင်းအသင်း၌ (၉၉)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး အထက(၂)ဒဂုံနှင့် အထက (၃) ဒဂုံတို့မှ ကျောင်းသား ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

(သတင်းနှင့်ဓာတ်ပုံ/နေလင်း)

 

N-1.jp